Wednesday, September 28, 2011

အလွမ်းဟာမော်နီတာထဲမှာတလွင့်လွင့်

ခုတလော မျက်စိမှိတ်လိုက်ရင်
ရင်ထဲကအစိုင်အခဲတွေပဲ တွေ့နေမိတယ်
မော်နီတာထဲစိတ်ကိုထည့်မျှောလိုက်တော့လည်း
လမ်းတစ်လျှောက်လုံးမှာ ကွန်နက်ရှင်ကမကောင်းဘူး
အသက်ရှူလိုက်တိုင်း
ရင်ထဲမှာတစ်စုံတစ်ခုခံနေတာကခက်တယ်
စကားပြောလိုက်တိုင်း လည်ချောင်းတစ်လျှောက်မှာတစ်ဆို့လို့
ဒါ..ရောဂါပဲ။
ဗွီဇက်အို အရိပ်မှာ
မေမေ့ပုံရိပ်လေး ရပ်တန့်သွားတုန်းခဏ
မျက်ဝန်းတွေမှုန်မှိုင်းနေတာတွေ့လိုက်ရတယ်
အလည်ပြန်လာမယ်ဆိုတဲ့စကားမှာ
မေမေလက်ချိုးရေနေမလား
စကားသံလေးထစ်အအ မှာ
မေမေ လွမ်းနေမလား
ညည်းကိုအမြင်ကတ်တယ် ဆိုတဲ့စကားလုံးလေးဟာ
နားထဲမှာ ချိုလိုက်တာ မေမေရယ်
မနီးသေးခင်အထိတော့ ခရီးကဝေးဝေးနေရဦးမှာပဲမဟုတ်လား
ဒီလိုပဲ
ဝေးသွားလိုက်နီးသွားလိုက် ခရီးတွေ..၊.. မိုင်တွေ ။
စိတ်ချင်းဝေးမသွားဖို့ကိုပဲ ကြိုးစားနေရတယ်
တစ်ယောက်တည်းလို့ ခံစားမိတိုင်းမှာ
အလွမ်းတွေကတနင့်တပိုးနဲ့
အရင်ကထမင်းဝိုင်းလေးကို လွမ်းတယ်မေမေ..
ခုအချိန်ခဏမှာတော့
ကျနေတဲ့ကွန်နက်ရှင်ထဲပဲ
လွမ်းနေမိတဲ့စိတ်ကို ထည့်ထည့်မျှောဆဲ
အချိန်ရဦးမယ်ဆိုရင်တော့
မေမေ့ရင်ခွင်မှာ အရင်လိုလေးခဏလောက် ပြန်အိပ်ချင်ပါသေးရဲ့..။




စိမ်းမြလင်းသစ်
(29/09/2011)

Thursday, February 3, 2011

အမေ့ရဲ့ တိတ်ဆိတ်ခြင်းတွေကို သား နားနဲ့ဆတ်ဆတ် မကြားလိုတော့ဘူး အမေ

အမေ အမေ၊ သားအတွက်ဆို နီတဲ့သွေးကိုတောင် အဖြူရောင်ပြောင်းစေနိုင်သူ

အမေက ဟက်ဟက်ပက်ပက် ရယ်နေသည်။ ကိုယ်လေးက အမေ၏ပင်ပန်းမှုတွေကို…

အမေ အင်္ကျီတွေ… ပျော်ရွှင်ဖွယ် အခြေနေမှ တိတ်ဆိတ်ခြင်း…

တိတ်ဆိတ်မှုဟာ ဘုရားသခင်ရဲ့ စကားသံကို

အမေ ညီလေး ညီမလေး ငါ့ချစ်သူ… စက်ကန့်ပေါင်းများစွာ… မိနစ်ပေါင်းများစွာ…

တိတ်ဆိတ်ခြင်း ။ နှင်းဆီဝါ……… ခင်မင်မှု…

ကောင်တာအထက် ကျွန်းသားနံရံပေါ်တွင် “တိတ်ဆိတ်ခြင်း” ဟု အဓိပ္ပါယ်ရသည့် ဆိုင်၏အမည်ကို…

အပြီး မှာတော့ စကားဝိုင်း က တိတ်ဆိတ်ခြင်းသာ… အမေ ဆိုတာက မွေးလာကြတဲ့ အားလုံးသော…

တိတ်ဆိတ်ခြင်း မှတစ်ပါး အခြားတုံ့ပြန်မှုမရှိ။ “သမီး ခင်ခင်ကြီး…”

အမေရော အိမ်ကို… တဲ့ထိ ထိုင် ပြီး လရောင် နဲ့ တိတ်ဆိတ်ခြင်း…

အမေကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင်… နတ်ပေးတဲ့ ဩသဓဆေး…

“တိတ်ဆိတ်ခြင်း ” အမည်ရှိ…… သူလူပျိုပေါက်အရွယ် အမေမရှိခင် အမေ…

တိတ်ဆိတ်ခြင်း သိမ်မွေ့ခြင်းကို… “ဟုတ်လား အမေ” … “အအေးပတ်တာနဲ့တူပါတယ်”…

အမေဘာမှမပြော။ အမွေးအတောင်များသည် ပေါ့ပါးကြကြောင်းသူသိသည်။

လောလောဆယ်တော့ မဝယ်နိုင်သေးဘူး။ အမေ ပိုက်ဆံပို့လာပေးမယ်လို့ ပြောတယ်။

သူ့ အမေ လှမ်းပို့ထားခြင်း ဖြစ်သည်။ ကွင်းတစ်ကွင်းလုံး တိတ်ဆိတ်ခြင်း…

တိတ်ဆိတ်ခြင်း အင်ဂျင်ဖြင့် ခုတ်မောင်း …. ကျွန်တော် ရေးတဲ့ “အမေ” သီချင်းကို

အမေ အရာရှိဇနီး၊ ပြီးတော့… အဘွား။

နတ်သုဒ္ဓါနဲ့ မလဲ နိုင်တဲ့ ထမင်းတပွဲရပီပေါ့။ ကျေးဇူးပါ အမေ…

၉.၅.၂ဝ၁ဝ ( အမေနေ့ ) မှ စတင်ရေတွက်သည်။

အမေ စိန်နားကပ် ပန်ဖို့…… တိတ်ဆိတ်ခြင်း ဒီညတွေမှာ ခပ်မဆိတ် အရည်ပျော်ခဲ့တာ…

ငြိမ်သွားတော့ ကြောက်မက်ဖွယ် တိတ်ဆိတ်ခြင်းက… ဂရုစိုက်ပါ အမေ…

ညကတည်း မျှော်ကြည့်နေတဲ့ အမေ…

အမေကတော့ ပွိုင့်တွေ စုနေလေရဲ့

အမေ ငါ့အက်ဆစ်တွေ “အမေ …. ဒီဘက်မှာလေတိုက်နေတယ်”… စူနာမိ

ငါ့အပေါ်ကို တစိမ့်စိမ့်ရွာကျ တိတ်ဆိတ်ခြင်း… သတိ မရိုင်းရ · အခွံ · အမေ ·
ခေတ်သစ် ၁၉ ဂျူလိုင်…

ပြည့်တန်ဆာ အမေလည်း အမေ။ အကြွေးကြွယ်လှတဲ့… သူတောင်းစား အမေလည်း အမေ။

အနီးကပ် ပြုစု ယုယခဲ့တဲ့ အမေ၊ အမေ…… သားကို အိုအေစစ် ဖြစ်စေချင်ခဲ့တဲ့ အမေ…

ကျနော်တို့ရဲ့ ပြည်သူလူထုကြီးပဲ ဖြစ်ပါတယ် အမေ။ ကုလသမဂ်ဂပဲဖြစ်စေ၊

သားတို့ဘဝ လုံခြုံသွားပြီ အမေ … အဲဒီလမ်းတွေကို “အမေ” နွေးထွေးစွာ

ပန်းတိုင်ဆိုတာကိုတော့ သားရောက်အောင်လျှောက်မယ် အမေ…

ရန်ကုန်ကတော့ ချူချာရှာတယ် အမေ…

ဟုတ် အမေ ပျော်ပါတယ်။ ဒီမှာ အားလုံးအဆင်ပြေပါတယ် လို့ စာပြန်လိုက်တယ်။ …

အမေ တယောက် အိမ်ထောင်ရေး ကံမကောင်းခဲ့ပေမဲ့ သားသမီးကံကောင်းလိုက်တာ…

အမေ စကား မပြောနိုင်တော့၊ ဘယ်ဘက်တစ်ခြမ်းလုံးလည်း လှုပ်ရှား၍ မရ၊

အဲဒါတွေ သားမသိခဲ့မိပါ အမေ။ အမေ… ဒါတွေကိုလည်း သားမသိခဲ့တာ အမှန်ပါ အမေ…

အမေ… အမေ… အမေ… အမေ… အမေ. အမေ….. အမေ… အမေ… အမေ… အမေ… အမေ…. အမေ….

၂၄ နှစ် တိုင်ခဲ့ပါပြီ။

အမေ ဖယောင်းမီးလေးလည်း လာထွန်းပေးဦး

အမေ ခုတော့ သားတစ်ယောက်ထဲလေ လွမ်းတာပေါ့…။

သားတို့ အိမ်ပြန်ကြရအောင် အမေ

သားချစ်တဲ့ အမေ ကောင်း…… ရာ…… သု….. ဂ……. တိ…… လား…. ပါ….. စေ…….။

မင်းယွန်း
--
Minn Yoon Thit

Tuesday, February 1, 2011

မမေ့သေးတဲ့ အမေ့အကြောင်းကဗျာ


ငါတို့အမျိုးက သေတာတောင်

ငါးပြေမလို ဆူးတောင်ကားပြီးသေမယ်

အချိုးမပြေရင် အဲ့ဒီဖဲထုပ်ကို

ငှက်အတောင်ပံခတ်သလို တဖျတ်ဖျတ်ကလဖန်ထိုး

အမေ့လက်ထဲမှာ

ကင်းရော ကုလားရော စပိတ်တစ်တွေရော

တဖြန်းဖြန်းပါးအရိုက်ခံရ

သတိရမှုဟာ

မီးပလပ်ပေါက်ထဲ

မီးရထားတစ်စင်း ထိုးဝင်သွားသလိုပါပဲ

ဟိုတုန်းက နှင်းတွေကျနေတုန်း

ကျွန်တော်ကျဆုံးမှာကြောက်လို့

စက်ရုံထဲဝင်လိုက်ထွက်လိုက်

ကျွန်တော့်လွယ်အိတ်ကို သိုင်းလွယ်ရင်း

အမေပါကျောင်းထဲကို ၀င်လိုက်ထွက်လိုက်

နှင်းထဲမှာ

တကယ့်ဂေါ်ကီရဲ့ Mother အမေ

စာတစ်လုံးမှ မတတ်ပေမယ့်

တာဗိုအင်ဂျင်တစ်လုံးလို လည်ပတ်

ကျွန်တော့်ရှေ့မှာ

အမေဟာ နိုင်ငံတော်အလံတစ်ခုလို မားမားမတ်မတ်ရပ်

ရေဒါတစ်ခုလို

တောကြီးမျက်မည်းထဲရောက် သံလိုက်အိမ်မြှောင်တစ်လုံးလို

ခပ်စွာစွာ

ကျွန်တော်ဆာနေတဲ့ လမ်းတွေကို ၀ယ်ကျွေးမွေးခဲ့တာ

သူများတွေချစ်တာ

ငါဆဲနေသလောက်ပဲရှိတယ်

ပြန်ဖြေလို့မရအောင် ဆံပင်တွေဖြူလာသလို

မေတ္တာတရားရဲ့ ပျားရည်ထဲ ပြေးမရအောင်နစ်လို့

လောကဓံ ၈-စိတ်ကို ချွေးခံအင်္ကျီအိတ်ကလေးထဲထည့်

သားတွေကို တစ်ယောက်ချင်း

လောကအတွင်းမောင်းသွင်းခဲ့တာ

အမေဘာလိုချင်လို့လဲ

မြောက်ဘက်က နှင်းတွေကို သပ်ချရင်းလာတဲ့အမေ

ကျွန်တော်တို့ စုန်နေတုန်းမှာပဲ

ဆန်တက်ကောင်းနေတဲ့အမေ

အမေလေ

ဂြိုလ်တုကလှမ်းကြည့်ရင်

စီးဆင်းခြင်းနဲ့ ဆန်တက်ခြင်း

ကမ္ဘာကြီးရဲ့ သွားကြားမှာ(မေတ္တာတရားရဲ့)

အလျိုးရာကြီးတစ်ခုအဖြစ် ဖြတ်ပြေးနေတာတွေ့ရမယ်…။….။

ခရမ်းပြာထက်လူ

Monday, January 24, 2011

ကျေးဇူးတော်မေမေ…

မေမေ

ဆောင်းတစ်ခုမဟောင်းခင်

နှစ်သစ်တစ်ခု မကူးခင်ပေါ့

နှင်းဖြူဖွေးဖွေးလွှလွှ

ရင်ထဲမှာလွမ်းမောရပါတယ် …မေမေ



ကျွန်တော်ဟာ ငှက်တစ်ကောင်ဆိုရင်

စာကလေးဖြစ်ဖြစ် သိန်းစွန်ရဲဖြစ်ဖြစ်

ကောင်းကင်မြင့်မြင့်မှာ ပျံသန်းတတ်ဖို့

အမေပေးတဲ့ခွန်အား ဘယ်လိုမုန်တိုင်းမျိုးမှ မတားနိုင်ဘူး



ကျေးဇူးတော် မေမေ

ဘ၀ဟာ ဘယ်လိုပဲမှောင်နေပါစေ

အမေဆိုတဲ့အလင်းတစ်စ

ကျွန်တော် အသိဥာဏ်ကို လမ်းပြခဲ့တယ်…



ကျေးဇူးတော် မေမေ

ဘယ်လိုနတ်ဘုရားဆီမှာမှ

လက်ဖြန်တောင်းခံလို့မရတဲ့

ခွန်အားဖြစ် နို့ရည်ကြည်အစ

အသက်ရှင်ရပ်တည်မှုအဆုံး

ဘ၀တစ်ခုလုံး ပိုင်ရှင်…

ကျေးဇူတော်မေမေ ရင်ခွင်မှာပွေ့ပိုက်

ကျွန်တော့် ၀မ်းနည်းမှုတွေရဲ့ခံတပ်ပေါ့



ကျေးဇူးတော်မေမေ

လောကနံရံဖုန်းဆိုးတစ်စ

အမေအိမ်ဟာ ဘ၀ရဲ့ အိုအေစစ်ကျတယ်…



အမေဟာ

ဝင်သက်ထွက်သက်

ကျွန်တော့်သိမှတ်မှုမှာမေ့လျှော့တတ်ခဲ့တယ်…အမေ…

ကျွန်တော်ကို ခွင့်လွှတ်ပါ..

ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့…

လောကမြေကြမ်းကြမ်းတမ်းတမ်းထဲ…

အမေစိုက်ပျိုးခဲ့သမျှ ကျွန်တော် သီးပွင့်လာခဲ့ရတယ်…

ဘ၀ရဲ့ အပြည်ဝဆုံးမြေသြဇာဟာ

ကျွန်တော့်ရင်ထဲက ကျေးဇူးတော်မေမေ

ကျွန်တော်မြင့်မားနိုင်သမျှ..

မေမေက သန့်သန့်စင်စင် နက်ရှိုင်းခဲ့တယ်

ကျွန်တော်ကြီးထွားလာသမျှ…

မေမေက သန်သန်မာမာသေးသွယ်ခဲ့တယ်…

ကျေးဇူးတော်မေမေ…

ဒီတစ်ဘ၀နဲ့အမျှ.. ဘယ်လိုမှပြန်မပေးဆပ်နိုင်တဲ့

မေတ္တာတရားတွေ…

ကျွန်တော်လိုတေလေတစ်ယောက်အတွက်…

အမေအတွက်ရေးတဲ့ကဗျာ…

အမေ့အတွက်ဖတ်တဲ့ကဗျာ…

အမေ့ကိုယ်စားကျွန်တော့်ကိုအမြဲဆုံးမတယ်…

ကျေးဇူးတော်ပါ…မေမေ

ကောင်းကင်တစ်စုံကို ခူးမယ့်လက်ဟာ

မေမေ့စွမ်းအားဖြင့် ပျံသန်းမြင့်တက်ရင်း….



မိုးလှိုင်ည

Monday, September 27, 2010

ငါ့အက်ဆစ်တွေ (၂)

ဆုံးရှုံး... လွန်မြောက်ခြင်းများကိုသာ... တခုပ်တရ... အဟုတ်တကယ်... အစွန့်ပယ်ခံ... ပြန်အသုံးမ၀င်... တန်ဖိုးမဲ့... ဖဲချပ်များလို... အပြန်ပြန်... အလှန်လှန်... အထပ်ထပ်.. အသေချာချာ... သပ်သပ်ရပ်ရပ်... စီကာ... စဉ်ကာ... နောက်ထပ်... စီထပ်သွားရင်း... ကုလားဖန်... အမျိုးမျိုးကို... ထိုးထိုးနေရသော... ဘ၀ဆိုး၏... ဒီဇင်ဘာထဲမှာမှ... ခရစ္စမတ်ည... တညကို... ကျွန်ုပ်...ရရှိခဲ့ဖူးပါသည်... ဆိုသည်မှာ... အသေအချာ... မဟုတ်သည်မှာ... သေချာနေပါပြီ... ဟာလေလုယ... ငါ့မှာက... နံနက်ခင်းတွေ... ရှိနေသေးတယ်... ဟု... အားတင်း... ကျုံးဝါးပြီးသည့်နောက်... ဒူးမထောက်ပဲ... လဲပြိုခဲ့ရသော... တိမ်ညို... ကမ်းပါးပျောက်... မူးနောက်... မိုးမှောင်ကျ... အချိန်နာရီ ကာလများအတွင်း... စဉ်းလဲခြင်း... ဆူးရထားတစင်း... ရင်တွင်းမီးဖိုကလေး... တခုကို... အပြင်းထန်ဆုံး... တိုက်ချ... ပြေးထွက်... တက်နင်းသွားပြီးသည့်အခါ... ဟိုးအဝေးမှ... နေကြတ်... လကြတ်... မြောက်အရပ်သို့... လှည့်ပတ် သွားလာနေသော... နဂါးဦးခေါင်းသည်လည်းကောင်း... ရှေ့ဟောင်းနှောင်းဖြစ်... သမိုင်း အစစ်အမှန်များသည်... ဒဏ္ဍာရီအားဖြင့်လည်းကောင်း... အားကောင်း မောင်းသန်လာသည့်အခါ... ငါလျှောက်လာခဲ့တဲ့... လမ်းအဆုံးမှာ... အမုန်းက... ပန်းလိုပွင့်ပြီး... အချစ်က... လည်လှီးံခံလိုက်ရတဲ့... စက္ကန့်တွေ... မျက်နှာဖုံး... ထူထူတွေ တပ်ထားပြီး... စကားလုံး ဖြူဖြူတွေ... ကပ်ထားတဲ့... စာအုပ်များထဲက အစ်ဇမ်း မှန်သမျှကိုလည်း...ဘာမှ မပြောလိုပြီ...

နှင်းရေ့...
အင်းလျားလမ်းက စောင့်ပါ...
အဓိပတိလမ်းကစောင့်ပါ...
ပြည်လမ်းက စောင့်ပါ...
ခရမ်းပြာက စောင့်ပါ...
ဟံသာဝတီအ၀ိုင်းက စောင့်ပါ...
တံတားဖြူက စောင့်ပါ...
ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့က စောင့်ပါ...
လှည်းတန်း အ၀ိုင်းရှိခဲ့တဲ့နေရာဟောင်းက စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...

အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...

ATN

Saturday, September 4, 2010

နောက်ဆုံးမိနစ်

ဘ၀က အမြဲတမ်းအချိတ်အဆက်လွဲတယ်
အမေရယ်...
အဝေးပြေးလမ်းမပေါ်တက်ပြီး
ကျွန်တော်နောက်ကျမှန်းသိတဲ့အချိန်
နှစ်ကာလတွေက တ၀ီဝီဖြတ်သန်းသွားပြီ
ယုံယုံကြည်ကြည် စူးနစ်ခဲ့သမျှ
နက်နက်ရှိုင်းရှိုင်းနာကျင်ခဲ့ရတယ်
စာရေးဆရာရှစ်နှစ်သား
ဘလော့ဂါသုံးနှစ်သား
အမေ့အတွက်တော့
လက်ကြောမတင်းတဲ့ နှစ်ဆယ့်ရှစ်နှစ်သားကြီးပေါ့
မအောင်မမြင်မချင်း အမေ့အိမ်မပြန်ဘူး
မာနတွေတင်းခံခဲ့သမျှ
အမေ့ဆီပြန်မရောက်တာပဲ အဖတ်တင်ခဲ့တယ်
မြိုကြီးတွေ မလွယ်ပေါက်ကနေ
ခွေးတိုးဝက်ဝင်ရှင်သန်နေရတဲ့ကောင်
နောက်ကျောမှာ လှောင်ရယ်သံတွေပဲ
ပဲ့တင်ပြန်လာတယ်...
အိပ်မက်တွေ အတည်တကျမက်ဖို့
ကျွန်တော့် ညရေးညတာတွေခက်နေတုန်း
အခန်းလွတ်တွေထဲ
တိတ်တိတ်ပုန်းကြေကွဲဖူးပါရဲ့
နောက်ဆုံးမိနစ်မရောက်ခင်
အေးစက်နာကျင်တဲ့ ကျွန်တော်ဝတ်ရုံကိုချွတ်လို့
အမေ့ဆီမှာ
သန့်သန့်စင်စင် လူပြန်ဖြစ်ချင်ပါသေးတယ်... အမေ။



မိုးလှိုင်ည

Saturday, April 10, 2010

မေမေ့ပင်လယ်ကူးသင်္ဘောလေး

မေမေ့အပြုံးထဲ
ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး
အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။

မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ
မေမေ့ပေါင်ကို ခေါင်းအုံးလုပ်
သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။

ကော်ဖီလည်း လျော့သောက်ပါတယ်
အိပ်ရေးဝအောင်လည်း အိပ်တယ်
ကွန်ပျူတာလည်း တအားမသုံးဘူး
ဘုရားလည်း မှန်မှန်ရှိခိုးတယ်
ကျွန်တော် ဆက်ညာနေတုန်းပဲ…

ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့
ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။
နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့
ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။

မောဟတန်းလန်းနေ့စွဲတွေထဲ
တစ်နေ့တစ်လံ
တစ်နေ့တစ်လံနဲ့ပဲ
မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။

မေမေတွေ့လား
ခိုက်ခိုက်တုန်သတိရစိတ်နဲ့
ညက
ကျွန်တော်
အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။


လင်းဒီပ
၁၈.၀၃.၁၀

Tuesday, March 23, 2010

အမေ့ရဲ့မြစ်

အဖေ...သားကိုချစ်လားတဲ့
သားက
ကျွန်တော့်ကိုမေးတယ်...
ကျွန်တော်လည်း
ပြန်မေးမိတယ်
အဖေ.. သားကိုချစ်လား... အမေ...


ကျွန်တော်တို့တစ်တွေဟာ
လသာတဲ့ညတွေမှာ
ကြီးပြင်းခဲ့တာပါ....
အမေဟာ
ဘယ် အလင်းနဲ့များ ဝင်းပနေပါလိမ့်....

Ko Wunna Ko

မေမေ့ကို မပြောဖြစ်ခဲ့ဘူး

မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ အိပ်ယာဝင်ပြီး
မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ မျက်နှာသစ်တတ်ခဲ့တာတော့
ကြာပါပြီ...
ဒါပေမယ့် မေမေသိအောင် မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့။

အလုပ်တွေ အရမ်းများနေလို့ပါမေမေလို့ မပြောတော့ပါဘူး...
မေမေ့ကိုလွမ်းဖို့အတွက်တော့ လုံလောက်တဲ့ အချိန်တွေရှိပါသေးတယ်မေမေ။
ပြီးတော့
လွမ်းတာထက်ပိုတဲ့ တမ်းတနေမိတဲ့အချိန်တွေလဲ ရှိသေးတယ်မေမေ..
အထူးသဖြင့်
အောင်မြင်မှုတွေကြုံရတိုင်း
ဆုံးရှုံးမှုတွေကြုံရတိုင်း
မတော်တဆ ခလုတ်တိုက်မိတဲ့အချိန်တိုင်း
လူညာတွေနဲ့တွေ့တဲ့အချိန်တိုင်း
မာနကြီးဖို့ မေ့လျော့နေတဲ့အချိန်တိုင်း
အိပ်မက်ဆိုးက လန့်နိုးလာတိုင်း
ဝမ်းနည်းစွာ ငိုကြွေးမိတဲ့အချိန်တိုင်း
စိတ်ဓါတ်ကျအားငယ်မိတဲ့အခါတိုင်း
တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တိုင်း
ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့အခါတိုင်း
မေမေလို့ တိုးတိုးလေးရွတ်နေမိတယ်...
မေမေ့ကိုတော့ မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့..

မေမေနဲ့အဝေးမှာ
သမီးအတွက် အခက်အခဲတွေ ရှိနေခဲ့သလို
မကြာခဏတွေ့ရတတ်တဲ့ အဆင်မပြေမှုတွေလဲရှိသေးတယ်မေမေ
ပြီးတော့ မိန်းကလေးတစ်ယောက်အတွက်
မမြင်ရတဲ့ အန္တရာယ်တွေလဲ ရှိနေသေးတယ်မေမေ..
ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့...

မေမေ့ကို သနပ်ခါးသွေးပေးခဲ့တဲ့အချိန်တွေကို အရမ်းလွမ်းတယ်...
ကိုယ်တိုင်ထမင်းဗူးပြင်ဆင်ရတိုင်း
မေမေပြင်ပေးခဲ့တဲ့ ထမင်းဗူးလေးကိုသတိရလို့
ထမင်းဗူးမထည့်မိအောင် ကြိုးစားနေခဲ့တဲ့အချိန်တွေလဲ ရှိခဲ့ဘူးတယ်မေမေ..
ဒါတွေကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့နော်..

မေမေနေကောင်းလားလို့ မေးဖို့ ဆွံ့အနေတဲ့ သမီးကို
သမီးနေကောင်းလား လို့မေးဖို့ မပျက်ကွက်ခဲ့တဲ့ မေမေ့ကို
လိမ်ညာမိခဲ့တဲ့ အချိန်တွေလဲရှိခဲ့ဘူးတယ်မေမေ..
မကြာခဏချူချာလွန်းတဲ့ သမီးအတွက် မေမေစိတ်ပူနေမှာစိုးလို့ပါ..
ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးမေမေ...

တကယ်ဆို သတိရတဲ့စိတ်တွေနဲ့ ပူလောင်နေပေမယ့်...
အမေ့အိမ်ကိုလွမ်းတယ်...
ချစ်တဲ့သူတွေကို အရမ်းလွမ်းတယ်လို့ ပြောမထွက်ခဲ့ပြန်ဘူး မေမေရေ..
မေမေ့သမီးက စိတ်ပျော့ပေမယ့်
သူများသနားမှာကိုလဲ မလိုချင်ပြန်ဘူး.....
ဒါကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူး ထင်ပါရဲ့ မေမေ..

မေမေ့နားမှာ နေခွင့်ရခဲ့တဲ့ အချိန်တွေမှာ
စာနာစိတ်နဲ့ နားလည်ပေးခဲ့တဲ့ မေမေ့ကို အရမ်းချစ်ခဲ့ဘူးတယ်..
အခုလို အဝေးကြီးမှာရောက်နေတာတောင်
အချိန်အကြာကြီးနေမှ
မေမေနေကောင်းလားလို့ မေးတတ်တဲ့သမီးကို ထပ်ပြီးနားလည်ပေးနေတတ်တဲ့
မေမေ့ကို အရမ်းကျေးဇူးတင်မိတယ်မေမေ..
ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးလေ...

မေမေ့ကို ခဏခဏလွမ်းနေခဲ့တာကိုတောင်
မသိချင်ယောင်ဆောင်နေမိတဲ့အထိ
သမီးက မာနကြီးနေခဲ့လားမသိဘူးနော်...
တကယ်လို့ မေ့မေ့သမီးက မာနကြီးခဲ့တယ်ဆိုရင်လဲ
မာနကြီးတတ်အောင်သင်ပေးခဲ့တဲ့
မေ့မေ့ကိုကျေးဇူးတင်မိပါတယ်...
သမီးလဲ မေမေ့လိုပဲ
ချစ်တဲ့သူတွေအပေါ်မှာ
မာနပိုကြီးတတ်ခဲ့တယ် မေမေ...
ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးနော်..

ဆိုးလွန်းတဲ့ သမီးတစ်ယောက်ကို အမြဲတမ်းလဲနားလည်ပေးပါ မေမေ..
မေမေ့သမီးက မေမေ့ရင်ခွင်ထက်
လွတ်လပ်မှုတစ်ခုကို ပိုပြီး မက်မောနေတတ်တာကိုလဲ
မသိချင်ယောင်ဆောင်ပေးပါအုံးမေမေ..

တကယ်ဆို မေမေ့ကို မပြောဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ
တစ်ခုမကရှိခဲ့ပါတယ်မေမေ

သမီးအတွက်
မေမေစိတ်ပူနေမှာစိုးတယ်...
မေမေသောကရောက်နေမှာစိုးတယ်..
သမီးကိုလွမ်းလို့ မေမေပူလောင်နေမှာစိုးတယ်...
ပြီးတော့ မေ့မေ့ကို ချမပြရက်တဲ့ ဝေဒနာဆိုးတွေကို မေမေသိမှာစိုးလို့ပါမေမေရယ်...


SnowLay
( အမရာ ရေးတာတွေ့လို့ ရေးဖြစ်သွားတယ် ကျေးဇူးပါ အမရာ)

(International Mother Day အမှတ်တရ)

Monday, March 22, 2010

ခပ်လှမ်းလှမ်းကလှမ်...

ငယ်ငယ်က
မေမေပုံအောပေးခဲ့တဲ့ ဘဝတစ်ခုဟာ
(တကယ့်ကို)နေပျော်ဖို့ကောင်းခဲ့ရဲ့
အကာအရံမဲ့လောကဟင်းလင်းပြင်ထဲ
မေမေ့မှော်လက်တွေနဲ့အုပ်မိုးလို့အေးမြခဲ့
ပတ်ဝန်းကျင်ရဲ့ညှီနံ့တွေထဲ
မေမေ့သနပ်ခါးနံ့နဲ့လန်းဆန်းခဲ့
အချိန်တွေအကုန်မြန်လိုက်တာမေမေ….။
အတောင်အလက်စုံလာလေ
ဒါဏ်ရာတွေများလာလေ
လောကဓံကအထုအထောင်းကောင်းလို့
ထုသားပေသားကျလာတဲ့ဒီခန္ဓာမှာ
ဘာကိုမှထူးပြီးမခံစားချင်တော့တဲအဆုံး
လွမ်းဖျားလွမ်းနာကျလို့
ကယောင်ကတမ်းစကားကိုဆိုရင်
မေမေလို့ခေါ်သံကလွဲပြီး
ဘယ်အသံကမှဒီထက်ပိုပြီး
တိုးလျညင်သာသက်သာလွန်းတာမရှိဘူး
အရင်က
လောကကြီးကိုမကျေနပ်ရင်
မေမေ့ကိုတိုင်ပြောမယ်
အရာရာကိုစိတ်တိုင်းမကျရင်
မေမေ့ကိုဂဂျီဂဂျောင်ကျမယ်
အခုအချိန်မေမေနဲ့ဝေးတော့
ဘယ်သူ့ကိုပြောရပါ့မလဲမေမေ…
ဖြစ်နိုင်ရင်ပေါ့မေမေ
သဘာဝတရားရဲ့တန်ပြန်မှုတွေနဲ့
ကြမ်းတမ်းမာကျောနေတဲ့မေမေ့ခြေထောက်တွေကို
ဆုပ်နယ်ချင်တယ်
သနပ်ခါးပါးကွက်ကျားနဲ့
မေမေ့ရဲ့ပါးကိုတဒင်္ဂဖြစ်ဖြစ်မွှေးကြူချင်တယ်
ဆန္ဒဟာဆန္ဒသက်သက်လောက်
အသွားထက်ပါစေသား….
မေမေရေ
လွမ်းတာလည်းလွမ်းတယ်
လှမ်းတာလည်းလှမ်းတယ်
ခြေလှမ်းတိုင်းမှယအလွမ်းတွေအပြည့်နဲ့
အိမ်ပြန်လာချင်ရဲ့
အဝေးကြီးဝေးခဲ့ပြီမေမေ
ဘယ်သူမပြုမိမိမှုတဲ့
အဲဒီလိုထပ်ခါတလဲလဲရွတ်ဆိုနေမိတဲ့
နှုတ်ခမ်းဖျားတွေဟာလည်း
မေမေကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းမိတဲ့
ဟောဒီနှုတ်ခမ်းဖျားတွေ……။။။



အမရာ


(ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀)