မမေ့သေးတဲ့ အမေ့အကြောင်းကဗျာ
ငါတို့အမျိုးက သေတာတောင်
ငါးပြေမလို ဆူးတောင်ကားပြီးသေမယ်
အချိုးမပြေရင် အဲ့ဒီဖဲထုပ်ကို
ငှက်အတောင်ပံခတ်သလို တဖျတ်ဖျတ်ကလဖန်ထိုး
အမေ့လက်ထဲမှာ
ကင်းရော ကုလားရော စပိတ်တစ်တွေရော
တဖြန်းဖြန်းပါးအရိုက်ခံရ
သတိရမှုဟာ
မီးပလပ်ပေါက်ထဲ
မီးရထားတစ်စင်း ထိုးဝင်သွားသလိုပါပဲ
ဟိုတုန်းက နှင်းတွေကျနေတုန်း
ကျွန်တော်ကျဆုံးမှာကြောက်လို့
စက်ရုံထဲဝင်လိုက်ထွက်လိုက်
ကျွန်တော့်လွယ်အိတ်ကို သိုင်းလွယ်ရင်း
အမေပါကျောင်းထဲကို ၀င်လိုက်ထွက်လိုက်
နှင်းထဲမှာ
တကယ့်ဂေါ်ကီရဲ့ Mother အမေ
စာတစ်လုံးမှ မတတ်ပေမယ့်
တာဗိုအင်ဂျင်တစ်လုံးလို လည်ပတ်
ကျွန်တော့်ရှေ့မှာ
အမေဟာ နိုင်ငံတော်အလံတစ်ခုလို မားမားမတ်မတ်ရပ်
ရေဒါတစ်ခုလို
တောကြီးမျက်မည်းထဲရောက် သံလိုက်အိမ်မြှောင်တစ်လုံးလို
ခပ်စွာစွာ
ကျွန်တော်ဆာနေတဲ့ လမ်းတွေကို ၀ယ်ကျွေးမွေးခဲ့တာ
သူများတွေချစ်တာ
ငါဆဲနေသလောက်ပဲရှိတယ်
ပြန်ဖြေလို့မရအောင် ဆံပင်တွေဖြူလာသလို
မေတ္တာတရားရဲ့ ပျားရည်ထဲ ပြေးမရအောင်နစ်လို့
လောကဓံ ၈-စိတ်ကို ချွေးခံအင်္ကျီအိတ်ကလေးထဲထည့်
သားတွေကို တစ်ယောက်ချင်း
လောကအတွင်းမောင်းသွင်းခဲ့တာ
အမေဘာလိုချင်လို့လဲ
မြောက်ဘက်က နှင်းတွေကို သပ်ချရင်းလာတဲ့အမေ
ကျွန်တော်တို့ စုန်နေတုန်းမှာပဲ
ဆန်တက်ကောင်းနေတဲ့အမေ
အမေလေ
ဂြိုလ်တုကလှမ်းကြည့်ရင်
စီးဆင်းခြင်းနဲ့ ဆန်တက်ခြင်း
ကမ္ဘာကြီးရဲ့ သွားကြားမှာ(မေတ္တာတရားရဲ့)
အလျိုးရာကြီးတစ်ခုအဖြစ် ဖြတ်ပြေးနေတာတွေ့ရမယ်…။….။
ခရမ်းပြာထက်လူ
No comments:
Post a Comment