Sunday, July 8, 2007

အမေနဲ့စကားစမြည်

''သား နင့်မလဲ
တစ်နေ့တစ်ခြားပိန်လိုက်တာ''
''ကဗျာအာဟာရနဲ့ သားစိတ်တွေဝနေတာ
အမေမမြင်မိလို့ပါ...''
''သားရယ် ဗိုက်ပြည့်အောင်စား
အိပ်ပျော်အောင်အိပ်ပါလား''
''မဖြစ်သေးဘူး...အမေ
သားက လိုတာထက်ပိုစားရင်
လစ်ဟာသွားရမယ့်အစာအိမ်တွေအတွက်
မသေရုံတစ်မယ်ပဲ သားစားပါရစေ...''
''အိပ်လို့ကလည်း ပျော်မှာမဟုတ်ပါဘူး
အရူးတွေစစ်ဖြစ်နေတဲ့ကာလမှာ
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့
၂၄ နာရီပတ်လုံး သောကရောက်နေရတယ်''
အမေက သားကိုချစ်သလို
သားကလည်း ကမ္ဘာကြီးကိုချစ်တယ်
အဲဒီလိုနဲ့ ကဗျာရေးဖြစ်ခဲ့တယ်အမေ...
ဒီဘ၀ကြွေးဟောင်းတွေအပေါ်
ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်တော့
အမေ သားကိုခွင့်လွှတ်ခဲ့ဖို့တစ်ခုပဲ
အရေးတကြီးလိုအပ်နေတယ်...အမေ...။

မိုးလှိုင်ည

အမေ

အဲဒီလို
လွတ်လပ်စွာ လှောင်ပိတ်မိချိန်မျိုးမှာ
ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသမျှ
အမေ့ကို သတိရတဲ့အကြောင်း
မျက်ရည်တွေနဲ့ စာလုံးပေါင်းပြမယ်
ကျွန်တော့်ရှေ့က ကွန်ပျူတာဖန်သားပြင်ဟာ
တစ်ကမ္ဘာလုံးကို အပေါ်စီးက ကြည့်နိုင်ပေမယ့်
အမေ့အိမ် မပါနိုင်ခဲ့တာ သား ရင်နာတယ်
အမေရယ်
အင်တာနက်ဆိုပေမယ့်
အမေ့လို မကြင်နာတတ်ဘူး
ကျွန်တော်ကတော့ ကူးလို့ခတ်လို့
ရောက်လိုရောက်ငြား
အိပ်မက်ချိုခါးတွေ တပွေ့တပိုက်နဲ့ပေါ့ အမေ
ပထမဆုံး လှေကားတစ်ထစ်အတွက်
သုံးနှစ်တိတိ ဖြတ်ရမတဲ့
ကျွန်တော့်ရင်ထဲက ငိုမဲ့မဲ့မျက်နှာဟာ
အမေ့ကို တမ်းတနေပါတယ်
ကျွန်တော် အကြိမ်ကြိမ်ခူးစားခဲ့ပေမယ့်
အရသာမခံစားတတ်ခဲ့မိတာ ခွင့်လွှတ်ပါ အမေ
အခုအချိန်ဆို
ဘယ်လိုပဲ ဝေေ၀
ကျွန်တော် အမေ့အနား နေခွင့်မရတော့ဘူး
အမေ့ဆီကစာ အကြိမ်ကြိမ်ဖတ်ရင်း
အမေ့ကို ပြင်းပြင်းရှရှရှူသွင်း
(ဒီလိုနဲ့ပဲ ... )
ကျွန်တော့် အဆုတ်ဟာ သန့်ရှင်းခဲ့ပေါ့ အမေ
တစ်ခါတစ်ခါ
ကျွန်တော်က သီချင်းဆို
ဂစ်တာက ငိုနဲ့
ကောင်းကင်တစ်ခုလုံး ပြိုကျမတတ် မှိုင်းညှို့
အမေရယ်
အလွမ်းတွေ ပျို့ပြီး သားအန်ခဲ့မိတာ
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိခဲ့ပါပြီလဲ
အမေ
အမေ
အမေ
အခါခါခေါ်နေမိဆဲ
မိုးကလည်း မစဲသေး.. ။ ။

ခေလွန်း

(၂၀၀၁ ဧပြီလတွင် စင်္ကာပူ နန်ယန်းပေါ်လီမှ ထုတ်ဝေခဲ့သော ခြေရာ ၂၁ အွန်လိုင်း မဂ္ဂဇင်းမှ)