Friday, December 7, 2007

အိပ်မက်သီးစား

ကျွန်တော်ဘ၀ ယာခင်းထဲ
နက္ခတ်တွေ စီးချင်းထိုး တလိမ့်လိမ့်ကြွေကျ
ဒီလိုနဲ့
ကြွေမွနေတဲ့ အိမ်ပြန်ချိန်ညချမ်းများ ။
မျော်လင့်ခြင်းရဲ့ စားမြိန်ထုပ်ကလေးထဲမှာ
မေတ္တာသင်္ကေတအက္ခရာစာလုံးတွေ
ကျွန်တော်တို့လယ်တောလေးက
မသီးမပွင့်ခဲ့ဘူးလား။
တစ်ရာသီစာမက
နှစ်ရာသီစာမက
နောက်ကျနေသူ မိတဆိုးလေးအတွက်တော့
တောခြောက်သံတွေ တစ်ရင်လုံး ညံခဲ့ပြန်ပေါ့။
အမေရေ....
အမေရေ....
အမေရေ....
အဲဒီကျွန်တော့်အော်သံလေး
ကူသူကယ်သူဝေးတဲ့ တံလျှပ်လွင်ပြင်ကြီးထဲ
ငှက်စာကျေးစာဖြစ်စေတော့...။..။

နိုင်ဝင်းမိုရ်(တလုပ်မြို့)

Saturday, November 24, 2007

သား

မပေါ့မပါး
ခရီးသွားတဲ့
မီးဖွားတော့မယ်
မိခင်တစ်ယောက် .....
မိခင်က
လခြမ်းသဖွယ်
ကလေးငယ်ကို
သယ်ဆောင်လှမ်းတက်
ခရီးဆက် .....
ဝမ်းအိမ်အလယ်
ကလေးငယ်လဲ
အချင်းကိုသယ်
စလွယ်ကိုသိုင်း
တောရိုင်းမြေကြမ်း
အတူလှမ်း
သားအိမ်ထမ်းရင်း မိခင်နဲ့ ....။

ကြည်အောင်(နှင်းဆီခင်းပေါ်ကလမင်း)

ကိုယ်တိုင်မရေးတဲ့ပုံတူ


မေမေ့ပါးပြင်ပေါ် စံပယ်တွေ ပွင့်တဲ့နေ့
ဖေဖေ့မျက်နှာလေးကို နောက်ဆုံးမြင်လိုက်တယ်။
တိမ်တွေနဲ့ အရုပ်ရေးတမ်း ကစားတတ်စအရွယ်
ဖေဖေ့လက်ဆောင် ကမ္ဘာငယ်လေးတစ်ခုအမည်ဟာ
စိမ်းလန်းသောအိပ်မက်များတဲ့။
မေမေ
မီးပြတိုက်သေလို့ ၀င်စားတဲ့ ကောင်ကလေးဆိုတာ
ကျနော်သေချာရဲ့လား
ထပ်တူထွန်းညှိထားလိုက်ပါတယ်။ ၊

ဇော်မိုးလွင်

Saturday, November 10, 2007

သားပြန်လာပြီအမေ

သားက အိမ်ကိုကောင်းကောင်းပြန်လာတာပါအမေ
သားပြန်လာတဲ့လမ်းမှာ
အနှောင့်အယှက် အခက်အခဲတွေက
အများကြီးပဲ အမေရဲ့

သစ်ပင်ကြီးတွေကလည်း
ကောင်းကောင်းမပေါက်ကြဘူး
စောင်းစောင်းကြီးတွေ ပေါက်လို့

လယ်ကွင်းကြီးတွေကလည်း
လွမ်းဆွတ်စရာတွေ
ခူးလို့ဆွတ်လို့ မကုန်အောင်
သီးပွင့်နေသလိုပါပဲ အမေရယ်

လေတွေကလည်း
သားပြန်လာမှာ သိလိုထင်ပါရဲ့
ခါတိုင်းထက်ပိုပြီး
ရူးရူးနှမ်းနှမ်း တိုက်ကြလို့

သားအတွက်
ခလုတ်တိုက်စရာ
တမင်ချထားကြသေးတယ်အမေ
ကောင်းကင်ကြီးကလည်း
ဒီနေ့ကျမှပိုပြီး
အုံ့အုံ့ဆိုင်းဆိုင်းညို့မှိုင်းလို့

လမ်းမှာဖွင့်နေတဲ့သီချင်းကတောင်
“သေအောင်သာ ရွာပါမိုး” တဲ့
အဲဒါ
သားကိုတမင်စောင်းဆိုနေတာပေါ့အမေရဲ့
မြည်းတကောင်နဲ့ သားအဖ နှစ်ယောက်ကို
အပြစ်ပြောဖို့ စောင့်နေတဲ့
ပတ်ဝန်းကျင်ကလည်းရှိပါသေး

ဒါပေမဲ့ ဒီနေရာမှာတော့
သားကပဲသား
သားကပဲအဖေ
သားကပဲမြည်း
ပိုပြီးပြောလိုကောင်းကြပြီပေါ့ အမေ

သားထွက်သွားတုန်းက ၁၉၇၀
(အမေ့အသက်က ၄၇)
ဒီနေ့သားအသက် ၅၄နှစ်ထက်
၇နှစ် ငယ်သေးတယ်

အဲဒီတုန်းက
သားက ဆံပင်ရှည်နဲ့
ဂျင်းဘောင်းဘီနဲ့
“ဂျွန်လ၏ မိုးရေစက်များ” အသစ်စက်စက်နဲ့

ပိုက်ဆံတော့မပါဘူးအမေ
သားဘူတာရုံမှာအိပ်တယ်
လမ်းပေါ်မှာ စာအုပ်ရောင်းတယ်

အမေ့အိမ်မှာ
တနေ့လက်ဖက်ရည် ၃ခွက်
စိတ်အေးလက်အေး သောက်နိုင်ခဲ့တဲ့သားဟာ
သူများတိုက်မှပဲ
လက်ဖက်ရည် တခွက်ကို အနိုင်နိုင်
သောက်နိုင်တော့တယ် အမေ

အဲဒါ
နွေဆယ်ခု
မိုးဆယ်ခု
ဆောင်းဆယ်ခု
ရာသီဥတုအများကြီး
အကြာကြီးပါအမေ

အဖြစ်အပျက်တွေကလည်း
အများကြီးပဲအမေ
တဘ၀တည်းနဲ့
ဘ၀ပေါင်းငါးရာ့ငါးဆယ်
တခါတည်းတင်ဆက်ရတာလားလို့
သားအသံထွက်ခဲ့ဘူးပါတယ်
ဒါပေမဲ့အားလုံးချုပ်လိုက်တော့
မြတ်စွာဘုရားရဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္န၊
သုံးမျိုးထဲမှာပါပဲအမေ။

ကဲ-အခုသားပြန်လာတော့ ၂၀၀၃
(အမေမရှိတော့ဘူး
အမေရှိရင် အသက်၈၀)
သားနဖူးပေါ်က ဆံပင်တွေ
ဘယ်သူယူသွားကြပြီလဲ
(မတတ်နိုင်ဘူး အမေ)
ဗိုက်ပူတာကိုတော့
ကိုယ်တိုင်မကြိုက်လို့
၁၉၈၀လောက်ကတည်းက
ဆင်ဆင်ခြင်ခြင်နေမိလို့
သိပ်တော့မဆိုးပါဘူး။
သားအခုထိ ကြိုက်လို့မရဘဲ
သုံးလို့ပဲကောင်းတဲ့ ပိုက်ဆံတွေကိုလည်း
သားတော်တော်ရှာတတ်လာပါပြီ အမေ

အမေ့မြို့ကလေးမှာတော့
ဦးလေးကိုလှမောင် ဆံပင်ညှပ်ဆိုင်
မရှိတော့ဘူး အမေ

ငယ်သူငယ်ချင်း ရဲမြင့်ကြီးက
ဘူတာမှာ စံပယ်ပန်းတွေ ရောင်းလို့။

ကမ္ဘာကြီးကလည်း နည်းပညာ အသစ်အဆန်းတွေနဲ့
ပိုကြီးလို့၊ ပိုထွားလို့

မိုးထိတိုက်ကြီးတွေ
မိုးပျံလမ်းမကြီးတွေ
ပိုကြီးပိုထွားသွားတော့
လူသားဘ၀ကလည်း
ပိုပြီးသေးငယ်
သေးသိမ်သွားရပြီပေါ့
သားက အဲဒါကို မခံနိုင်တာပါ အမေ
ကမ္ဘာကြီးကို ချိတ်ဆက်ထားတဲ့
ကွန်ရက်လမ်းမကြီးတွေရှည်
လူသားဘ၀တွေကို
တန်ဖိုးကျစေတဲ့
စတော့ရှယ်ယာ ဈေးနှုန်းတွေပိုရှည်

ကမ္ဘာကြီးကို လူသားဘ၀တွေကို
နေ့စဉ်ခြောက်လှန်နေတဲ့
စစ်အေး၊ စစ်ပွဲကြီးတွေ ပိုရှည်
သားမျှော်လင့်မှုတွေ
ဟိုးတုန်းကထက် ပိုရှည်
သားဆံပင်တွေတော့
တိုသွားခဲ့ပြီ အမေ

သားက
နိုင်ငံရေးသမား မဟုတ်ပါဘူး အမေ
သားလည်းပျော်ချင်သလို
သူများလည်း ပျော်ချင်မှာပဲလို့
ကိုယ်ချင်းစာစိတ်လောက်ပဲ
ထားနိုင်သူပါ အမေ။

သား-အရက်တွေကို ကြိုက်ချင်လာတယ် အမေ
ဒါပေမဲ့
သားမကြိုက်ရဲဘူးအမေ
ဆက်ပြီးဝန်ခံရဦးမှာဘဲ
သူယောင်မယ်လေးတွေကို
ကြိုက်ချင်စိတ်တွေကလည်း
သားတကိုယ်လုံး
ချစ်ချစ်တောက်နေတာပါ အမေ

ဒါပေမဲ့ ဒါလည်း
သားမရွေးရဲပါဘူးအမေ
ကျနော်နေတဲ့ကမ္ဘာကြီးကိုချစ်တယ်
ကျနော်နဲ့တူတဲ့ လူသားတွေကို ချစ်တယ်
ဒါကြောင့် ၀င်ပြီး မျှယူကူထမ်းဖို့ဆိုတာ
ပြောတော့လွယ်တယ်
တော်တော်ခက်တာပဲ အမေ

အံမယ်- ဒါပေမဲ့
မဟုတ်တာတွေ လုပ်ချင်ရင်
ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးချင်ရင်တော့ မခက်ဘူး
လွယ်လိုက်တာအမေရေ..
ဒါပေမဲ့လောလောဆယ်တော့
အခက်အခဲတွေကိုပဲ
သားရွေးချယ်ထားဆဲပါ အမေ
(တခါတလေတော့
မကောင်းမှု နည်းနည်းလေးတွေကို
လူမသိသူမသိ
သားလုပ်တတ်ပါသေးတယ်
သားမကြိုက်တာက
ဒါကို သားကိုယ်တိုင် သိနေတာကိုပါ။)

ထွက်သွားတာက
နှစ် ၃၀ ကျော်သွားပြီ
အဖြစ်အပျက်တွေက
၃ဘီလျံ မကတော့ဘူး
သားအတွက် အမေဂုဏ်ယူစရာ ကတော့
၃ ခုလောက်ဘဲ ရှိပါတယ် အမေ
၁။ ဂျွန်လ၏မိုးရေများ။
၂။ အရှုံးချည်းပဲဖြစ်ရမယ့် နှစ် ၃၀ မှာ
ပိုက်ဆံနဲ့လဲခဲ့ရတဲ့ဘ၀ထဲက
ငွေကြေးတန်ဖိုး မဖြတ်နိုင်တဲ့
သားရဲ့ သီချင်းစာသား တချို့နဲ့
ရုပ်ရှင်၊ ချစ်သူ ၊ ပင်လယ်
နောက်ထပ် ကဗျာ တိုနံ့နံ့လေးတချို့
၃။ နှစ် ၃၀ရဲ့
အလွမ်းတွေ အချစ်တွေ
အားလုံးပါအောင်
တင်ဆက်နိုင်လိုက်တဲ့
သားရဲ့ “ပင်လယ်စီးခြင်း”
ပန်းချီကား ၂၀။
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်
ဘ၀ဟာ သေဆုံးရလောက်အောင်
ပျက်စီးရချိန်မှာ
အချစ်စိတ်နဲ့ အသက်ရှင်ရခြင်း တန်ဖိုးနည်းနည်းလေးကိုပဲ
သားဂုဏ်ယူမိတာပါ အမေ
အရေအတွက် နည်းလို့တော့
တော်တော်ရှက်စရာ ကောင်းတဲ့သားပါ အမေ။
ဒါပေမဲ့သားကိုဂုဏ်ယူပါ အမေ
သားကို ဂုဏ်မယူပါနဲ့ (အဆိုးများအတွက်)
ကမ္ဘာကြီးကို ဂုဏ်ယူပါ အမေ
ဂုဏ်မယူပါနဲ့ (သားအတိုင်းပါဘဲ)။

အမေမြို့လေးထဲက
ဆံပင်ရှည်
ဂျင်းဘောင်းဘီနဲ့
ထောင့်မကျိုးတဲ့ လူငယ်လေးတယောက်ထွက်လာတယ်။

အမေ့မြို့လေးထဲကို
ဆံပင်တို ကျိုးတိကျဲတဲ
ပုဆိုးပိုသီ ဖတ်သီနဲ့
ကျန်ရှိနေသေးတဲ့
အသက် ၈၈ နှစ် အဖေ့ကို
ကန်တော့စရာ ပစ္စည်း ပစ္စယတွေနဲ့
ဒီလောက် အဆော်အတီးခံထားရတာတောင်
ထောင့်မကျိုးသေးတဲ့
ငနဲကြီး တကောင်ပြန်ဝင်လာတယ်။

အမေဆူမှာ မဟုတ်ဘူးဆိုတာ သားသိပါတယ်
သားကဗျာကို ချစ်လျက်ပါ အမေ
သားထွက်သွားတုန်းကလည်း
ဒီအတိုင်း
သားပြန်လာတော့လည်းဒီအတိုင်း
(ကမ္ဘာကြီး လှနိုင်နေသေးတာ
ကဗျာကြောင့်လို့
ယုံကြည်လို့ပါ အမေ)
ဒါကိုတော့ သားကိုယ်တိုင် ဂုဏ်ယူပါတယ် အမေ။

အမေရေ..
အကောင်းတွေရော အဆိုးတွေရော
ကမ္ဘာကြီးက ပိုပြီး
ပြောင်လက် တိုးတက်လာတာ အမှန်ပါဘဲ။

အမေ့ကို ကျွေးချင်တဲ့
မုန့်အဆန်းအပြားတွေလည်း
အများကြီး ပေါ်ထွက်လာလျက်ပါပဲ အမေ။
ဒါပေမဲ့
ကြက်မကြီးက
ကြက်ဥတွေကို ဥလျက်ပါပဲ။
နွားမကြီးကလည်း
နွားကလေးတွေကိုပဲ မွေးလျက်ပါပဲ
မကောင်းတာတွေ့ရှု
ကောင်းအောင်လုပ်ရမယ့် အခြေခံတရားကတော့
အမေရှိစဉ်ကအတိုင်း
မပြောင်းလဲဘူးဆိုတာ
ပြောချင်တာပါ အမေ။
အမေ့ကို တိုင်တည်ပြီး
သားရေးချင်တာတွေ
လျှောက်ရေးထားတဲ့ ဒီကဗျာဟာ
အမေကို မတိုင်တည်လို့
မဖြစ်ပါဘူး အမေ

ဒါကတော့
သားရဲ့ခွန်အားတွေဟာ
အမေ့နောက်ကို လိုက်လာဖို့မှာသာ
အတွန့်အဆုတ်မရှီ
အားကောင်းမောင်းသန် စိတ်ညွတ်နေခဲ့လို့ပါဘဲ။

သုခမိန်လှိုင်
၅၊ အောက်တိုဘာ၊ ၂၀၀၂။

Tuesday, November 6, 2007

အမေ့လင်းယုန်

ဝေဒနာကြိုးတန်းပေါ်မှာ
အမေ့ရဲ့ ချွေးသုတ်ပ၀ါလေး
လှမ်းပစ်တင်လိုက်တော့
ကမ်းမမြင် လမ်းမမြင်မုန်တိုင်းထဲ
သားက ပျံသန်းနေဆဲပေါ့။
သားကို သတိရ
သားကို မတွေ့ရတဲ့အခါ
စာနာတတ်တဲ့ငွေကြယ်ကလေးတွေက
အမေ့ဆီ . . . .
ဝမ်းနည်းကြောင်း သ၀ဏ်လွှာစေလိမ့်မယ်။
လက်ရှိဘဝ
အန္တိမမျှော်လင့်ချက်
အမေတိုက်တဲ့ ရေတစ်ခွက်သာသောက်ချင်ရဲ့။
နောင်ဘ၀၌
လူဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျူငှာယဉ်ကျေးသော ပန်းများ
ပွင့်သော ထိုအင်ကြင်းတောစပ်၌
အမေ့ရဲ့သား ကျွန်တော်ပြန်ဖြစ်ချင်ပါသည်။
ကိုယ့်ကံကြမ္မာကိုယ်ဖွင့်ဆို
ကုသိုလ်၊ အကုသိုလ်တရား
လူပီသစွာ ပွားစည်းမိခဲ့ပါပြီ။
အို...နတ်ကောင်း၊ နတ်မြတ်များ
သင်တို့အား အတောင်ပံအဖြစ်တပ်ဆင်
ဟောဒီ နေ၀င်ချိန်မှာ
ငါ့အမေရှိရာ ငါပျံသန်းချင်ရဲ့။
ငါ့ရဲ့ဇာစ်မြစ်မှာ
“ဂျူးလိယက်ဖူးချစ်”ကို ငါချစ်ခဲ့တယ်
“ဒေါက်တာ နော်မန်ဗက်သွန်း”ကို
ငါချစ်ခဲ့တယ်
ငါ့ကိုယ်ငါချစ်ခဲ့တယ်
မနက်ဖြန်မှာ
ဒီနေ့မှာ
သေချာတဲ့ သေခြင်းနဲ့
အမေ့အိမ်ဆီပြန်ခဲ့မယ်။
“အချစ်”
“ငြိမ်းချမ်းမှု”
“ကဗျာ”
ကျွန်တော့်ရဲ့ အနှစ်မဲ့ခန္ဓာကိုယ်အား
ကောင်းကင်ဘုံ ထိုထိုမှ
တံခါးဖွင့်ကြိုဆိုကြကုန်လော့။
မြက်တစ်ပင်နွမ်းလည်း
မြက်တစ်ပင်ပြန်လည်စိမ်းလန်းလာမှာပဲ
နွေဦးဆိုတာ
အမြဲတမ်းပုန်းနေနိုင်မတဲ့လား
နှင်းဆီနဲ့
လေညင်းနဲ့
အစွန်းအထင်းမရှိတဲ့ နေ၀န်းနီနဲ့အတူ
လှပတဲ့ မိုးသားအဖြူအောက်မှာ
ပြန်လည်ဖူးပွင့်လာရမယ်။
ကဗျာကိုဖတ်ပြီး
ကဗျာကိုမြတ်နိုးတတ်တဲ့ “အမေ”
မသေပါနဲ့ဦး အမေရယ်
နံစော်စော်ပုပ်အဲ့အဲ့ လောကကြီးထဲမှာ
သားကို ပစ်မထားခဲ့ပါနဲ့။
သင်္ခါရတရားတို့ရဲ့
ပြိုကွဲပျက်စီးခြင်းသဘောကိုဆင်ခြင်ဖို့
အမေ့ကို မလွမ်းဖို့
အမေ့ကို သတိမရဖို့
ငါ့မှာတရားမရှိနိုင်ခဲ့ပါ။
အမေဖြစ်တည်ရာ
အဲဒီလောကတစ်ခုမှာ
မိုးတွေရွာချပြီဆိုရင်
အဲဒီမိုးစက်တွေဟာ
ကောင်းကင်ပေါ်က ထိုးဆင်းချလာတဲ့
သားရဲ့အလွမ်းသီချင်းတွေပဲပေါ့
မိုးတိမ်တွေက တစ်ဆင့်
အမေ့ကို ရင်ဖွင့်မယ်
နားသောတဆင်ပါမေ။
အမေ့အရိပ်မှာ
သားအိပ်စက်ဆဲပါပဲ။
အိမ်ပြန်နောက်ကျတတ်တဲ့သားကို
အိမ်ပေါက်ဝက ဆီးကြိုဆဲပါပဲ။
သားရဲ့ နိစ္စဓူဝကိစ္စထဲ
ထာဝရအမေ ရှင်သန်ဆဲပါပဲ။
အမေ့ရဲ့ မေတ္တာလှိုင်းဂယက်ကြောင့်
သမုဒ္ဒရာတွေ သေးငယ်ကုန်ကြတယ်။
ငယ်ငယ်တုန်းကတော့
သားဟာ အမေ့ရဲ့ခွေးလေတစ်ကောင်ပေါ့။
သားဟောင်တာကိုကြည့်
အမေပီတိဖြစ်ခဲ့တယ်။
သားဟာအခုတော့
အမေ့ရဲ့ မျက်ကွယ်က
အမှန်တရားကို ကိုက်ချီထားတဲ့
. . . . . “လင်းယုန်”။ ။

မိုဃ်းဇော်

Sunday, October 28, 2007

မေမေဟာ ရန်သူတွေကို တစ်ယောက်တည်း ရင်ဆိုင်

ပုခက်လွှဲတဲ့လက်ဟာ
သွေးသံရဲရဲ စစ်ပွဲတွေထဲ
ရေလောင်းရင်း မီးလောင်နေသူ ။

' မေမေ ' ။

မေမေ လို့
ကျွန်တော် တိုးတိုးလေး ခေါ်လိုက်တယ် ။
သားချော့တေးတွေနဲ့
ကမ္ဘာကြီးကို လက်ဆင့်ကမ်းခဲ့တာပေါ့ မေမေ
စံပယ်ပန်း ဖြူဖြူလေးတွေဟာ မေမေ့ကြောင့်ပွင့်တာ
မေမေ့ဆွဲအားကြောင့် ဒီရေ တက်တာပေါ့

မေမေ ပျိုးထားတဲ့ ကြယ်ပန်းခင်းတွေထဲ
သားသားတို့တိုးခွေ့ဆော့ကစားတဲ့အခါ
မေမေ တစ်နေရာကနေ မျှော်ငေးကြည့်နေမယ်
မေမေ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့
မေမေ့ လက်ထဲမှာတော့ အေးစက်တဲ့ဓားတစ်လက်
တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ရန်သူတွေကို
မိန်းမသားဖြစ်တဲ့ မေမေ ၊ ဘယ်လို ရင်ဆိုင်မလဲ

ပန်းခင်းထဲ သင်းပျံ့နေတဲ့ တခိုးခိုး တခစ်ခစ် ရယ်သံတွေဟာ
မေမေ့ ရင်ထဲ အရောက်ဝင်ခဲ့တယ်
အဲဒီ မီး နဲ့ပဲ မေမေ ရပ်စောင့်လို့နေခဲ့

ဒီဇာတ်လမ်းမှာ ပျော်ရွှင်မြူးတူးနေကြသူတွေကတော့
ဘာမှ မသိသေးတဲ့ သားသားတို့မောင်နှမတတွေပေါ့
မေမေရယ် ။

ပိုင်မင်းဆွေ

Saturday, October 20, 2007

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

ဟိုး ခပ်ဝေးဝေး
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ

အကုသိုလ်ပန်းတွေ ဝေပုံကလဲ
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘ၀ဟာ
မြေငွေ့ပျံညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်၊

အမေရယ်
လေတွေ ထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလဲ
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေ သိပ်ပြီးရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့၊
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ၊

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။

တကယ်တော့လဲ အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ၊

အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သားကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလားအမေ
သားရဲ့အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူးအမေရယ်

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို သားရခဲ့ပါတယ်

အမေမသိဘူးလား
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့သဘောထားကို
သားတူးတူးခါးခါး မုန်းတယ်အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ညရယ်လို့ မရခဲ့ဖူးဘူး

သားရဲ့ “ဘီး” ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ်အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလဲပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက်မေးရင်းပေါ့
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုလ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖျစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အို.....
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်၀၀ တိုက်ရိုက်မြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖ၀ါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တစ်ဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ယာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့်သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေအမေရဲ့။
ကျွန်တော် ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။

မောင်ချောနွယ်

ဆောင်း

ဆောင်းနေကျ မျော်လင့်ချက်လေးပါ
မျက်နှာမှာပွင့်နေတဲ့ ခံစာမှုကိုပန်ရင်း
လမ်းအသီးသီးက အသိုက်အသီးသီးရှိရာပြန်ကြ
အတွေးကိုစုန်လိုက်တော့
အမေ့အိမ်ကလေး
အဝေးမှာ မှုန်ပျပျစောင့်နေဆဲ
မသွေဖီဘဲရှိနေတဲ့ အမှန်တရားတစ်ခုလေ
မြက်နုရာ ထွက်ခဲ့ပေမယ့်
ကံကြမ္မာကောင်းက အညာမိုးလို ခြိမ်းတိုင်းမရွာ
ညှိစရာပန်းမရှိမှတော့ ရာသီကို ဘယ်လိုခေါ်ရမှာလဲကွယ်
ဒီလိုနဲ့
တံလျှပ်ထဲ လက်ပစ်ကူးမိတာအကြိမ်ကြိမ်
အတွေးအိမ်ကို ပိတ်ပစ်လိုက်ပေမယ့်
အမေ့မျက်နှာက မျက်ဝန်းမှာ အေးအေးမြမြ
ဒီခဏ
ရင်ထဲမှာနှင်းတွေကျလာတယ်။...။

ထွန်းလွင်သွယ်(ဆူးဖြူရိပ်)
မြားနတ်မောင်၊၂၀၀၁၊ဇန်န၀ါရီလ၊

အတ္ထုပတ္ထိသီချင်း

ဒီဘ၀တောင်ကုန်းကလေးပေါ်
ကျွန်တော့်ရင်အုံတွေ တစ်ချပ်ပြီးတစ်ချပ် လွှတ်တင်ခဲ့ပါရဲ့
အနုပညာတိမ်တိုက်တွေ စီးနင်းခွင့်ရလိုရငြား။

အလင်းကိုတပ်မက်ဇောနဲ့ မွှန်ထူနေတဲ့
ကျွန်တော်ဟာ ပလူလေးတစ်ကောင်ပါ
အတောင်ပံတွေ ဖြန့်ကားပြီး မီးပုံဆီပြေးလာတယ်။

ကံကြမ္မာကတွတ်ပေါက်မှာ
ငါးလေးတစ်ကောင်လောက် ဖမ်းမိဖို့ဆိုရင်လည်း
အမေ့သားက ပါးရည်နပ်ရည် မရှိတဲ့ ခြေတံရှည် ဗျိုင်းတစ်ကောင်လေ။

ဒုက္ခကျင်းပုန်းတွေ စောင့်နေရဦးမလား
ကျွန်တော့်ရဲ့သမုဒ္ဒရာကို ရေဘ၀ဲတစ်ကောင် စောင့်ကြပ်လေမလား
ဒီနှလုံးသားထဲ တံလျှပ်တွေပဲ ပွက်ဆူနေသလား
အိပ်ရာနိုးခဲ့တိုင်း အ၀ိဇ္ဇာ တောအုပ်လေးထဲမှာပါ အမေရယ်။

ဒီသံသရာမှာ
နေရာလေးတစ်ကွက် ဦးမိခဲ့ပြန်ပေါ့
လူဖြစ်ရခြင်းရဲ့ ရေဦးတက်ချိန်ကတည်းက
အတ္တစာဘူးတောင်းသိုက်ကလေး
စိတ်ဇောသန်သန် ရက်ခဲ့တယ်။

နိုင်ဝင်းမိုရ် (တလုပ်မြို့)

အမေ

အမေ့ကိုဖွဲဆိုဖို့
သား
စကြာဝဠာကြီးထဲကို ထွက်ခဲ့တယ်။
အကြီးမားဆုံး
အတောက်ပဆုံး ကြယ်တံခွန်ကြီးတွေက
သားကို သနားကြတယ်...။
ခမ်းနားခြင်း
နက်ရှိုင်းခြင်း
ပင်လယ်ကြီးတွေက
သားအတွက်
ဝမ်းနည်းနေကြတယ်...။
အေးအေးမြမြ
ပြည့်ပြည့်၀၀
လမင်းကြီးကလည်း
သားအတွက်
ဂရုဏာသက်ရှာရဲ့
တောအုပ်ကြီးတွေ
တောင်တန်းကြီးတွေ
ကောင်းကင်၊မြေပြင်
ကမ္ဘာတစ်ခွင်လုံး
အမေ့ဂုဏ်အလင်္ကာ
ခိုင်းနှိုင်းလောက်စရာ
သား
ဘာတစ်ခုမျှ မတွေ့ပါလား..။
အမေ
အမေ
အမေ
အဲဒီလောက်
ခြောက်ကပ်ကပ် သံသရာကြီးထဲမှာ
သားကိုထားခဲ့ပြီလား

သုခမိန်လှိုင်
(မြှားနတ်မောင်မဂ္ဂဇင်း) ဒီဇင်ဘာ၊ ၁၉၉၇

Sunday, July 8, 2007

အမေနဲ့စကားစမြည်

''သား နင့်မလဲ
တစ်နေ့တစ်ခြားပိန်လိုက်တာ''
''ကဗျာအာဟာရနဲ့ သားစိတ်တွေဝနေတာ
အမေမမြင်မိလို့ပါ...''
''သားရယ် ဗိုက်ပြည့်အောင်စား
အိပ်ပျော်အောင်အိပ်ပါလား''
''မဖြစ်သေးဘူး...အမေ
သားက လိုတာထက်ပိုစားရင်
လစ်ဟာသွားရမယ့်အစာအိမ်တွေအတွက်
မသေရုံတစ်မယ်ပဲ သားစားပါရစေ...''
''အိပ်လို့ကလည်း ပျော်မှာမဟုတ်ပါဘူး
အရူးတွေစစ်ဖြစ်နေတဲ့ကာလမှာ
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့
၂၄ နာရီပတ်လုံး သောကရောက်နေရတယ်''
အမေက သားကိုချစ်သလို
သားကလည်း ကမ္ဘာကြီးကိုချစ်တယ်
အဲဒီလိုနဲ့ ကဗျာရေးဖြစ်ခဲ့တယ်အမေ...
ဒီဘ၀ကြွေးဟောင်းတွေအပေါ်
ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်တော့
အမေ သားကိုခွင့်လွှတ်ခဲ့ဖို့တစ်ခုပဲ
အရေးတကြီးလိုအပ်နေတယ်...အမေ...။

မိုးလှိုင်ည

အမေ

အဲဒီလို
လွတ်လပ်စွာ လှောင်ပိတ်မိချိန်မျိုးမှာ
ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသမျှ
အမေ့ကို သတိရတဲ့အကြောင်း
မျက်ရည်တွေနဲ့ စာလုံးပေါင်းပြမယ်
ကျွန်တော့်ရှေ့က ကွန်ပျူတာဖန်သားပြင်ဟာ
တစ်ကမ္ဘာလုံးကို အပေါ်စီးက ကြည့်နိုင်ပေမယ့်
အမေ့အိမ် မပါနိုင်ခဲ့တာ သား ရင်နာတယ်
အမေရယ်
အင်တာနက်ဆိုပေမယ့်
အမေ့လို မကြင်နာတတ်ဘူး
ကျွန်တော်ကတော့ ကူးလို့ခတ်လို့
ရောက်လိုရောက်ငြား
အိပ်မက်ချိုခါးတွေ တပွေ့တပိုက်နဲ့ပေါ့ အမေ
ပထမဆုံး လှေကားတစ်ထစ်အတွက်
သုံးနှစ်တိတိ ဖြတ်ရမတဲ့
ကျွန်တော့်ရင်ထဲက ငိုမဲ့မဲ့မျက်နှာဟာ
အမေ့ကို တမ်းတနေပါတယ်
ကျွန်တော် အကြိမ်ကြိမ်ခူးစားခဲ့ပေမယ့်
အရသာမခံစားတတ်ခဲ့မိတာ ခွင့်လွှတ်ပါ အမေ
အခုအချိန်ဆို
ဘယ်လိုပဲ ဝေေ၀
ကျွန်တော် အမေ့အနား နေခွင့်မရတော့ဘူး
အမေ့ဆီကစာ အကြိမ်ကြိမ်ဖတ်ရင်း
အမေ့ကို ပြင်းပြင်းရှရှရှူသွင်း
(ဒီလိုနဲ့ပဲ ... )
ကျွန်တော့် အဆုတ်ဟာ သန့်ရှင်းခဲ့ပေါ့ အမေ
တစ်ခါတစ်ခါ
ကျွန်တော်က သီချင်းဆို
ဂစ်တာက ငိုနဲ့
ကောင်းကင်တစ်ခုလုံး ပြိုကျမတတ် မှိုင်းညှို့
အမေရယ်
အလွမ်းတွေ ပျို့ပြီး သားအန်ခဲ့မိတာ
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိခဲ့ပါပြီလဲ
အမေ
အမေ
အမေ
အခါခါခေါ်နေမိဆဲ
မိုးကလည်း မစဲသေး.. ။ ။

ခေလွန်း

(၂၀၀၁ ဧပြီလတွင် စင်္ကာပူ နန်ယန်းပေါ်လီမှ ထုတ်ဝေခဲ့သော ခြေရာ ၂၁ အွန်လိုင်း မဂ္ဂဇင်းမှ)

Tuesday, June 12, 2007

ရင်ဝေးငှက်

မိုးကောင်းကင် တနံတလျားကို
သားပျံသန်းသွားမယ်ဆိုတော့
အမေတားခဲ့သေးတယ်နော်
ကောင်းကင်ရဲ့  မာယာတွေကို
အထင်မှားခဲ့တဲ့သားက
တိမ်လွှာဖြူတွေခူးစားဖို့ ကြိုးစားရင်း
တကယ်တမ်းကျတော့
ဘ၀ဆိုတာ မုန်တိုင်းညတွေပဲလား
မောပန်းနေတဲ့ အတောင်တစ်စုံအပေါ်
မိုးစက်တွေ ခပ်ကြမ်းကြမ်းရွာချ
မလုံခြုံတဲ့ အရိပ်အာဝါသတွေအောက်မှာ
အမေ့ရဲ့ ရင်ငွေ့အိမ်လေးကို
သတိရနေမိပေမယ့်
အခုတော့သားက ရင်ဝေးငှက်ပေါ့...အမေ

မိုးလှိုင်ည

သက်တံရောင်မွေးနေ့

မှောင်အောင်ပြီးသား ဘ၀တွင်းတိမ်တိမ်ထဲ
စကြာဝဋ္ဌာတွေပွင့်တယ်။
တရားဓမ္မတွေပွင့်တယ်။
မေမေရေ
သားညနေခင်းတွေ ရုပ်ရုင်ရိုက်ပြဦးမယ်။
လှုပ်ခတ်သမျှ သံသရာစက်ဝိုင်းပေါ်
အောင်မြင်တဲ့အရသာဟာ
ရှုံးနိမ့်တဲ့အရသာလိုပဲ
အခါးဓါတ်က ဆေးဖက်ဝင်ပြီး
အချိုဓါတ်က ခွန်အားဖြစ်စေရဲ့။
မေမေရေ
သားအမာရွတ်တွေက
ကျောက်ရောဂါ ကာကွယ်ဆေးသက်သေခံပါး
ကိုယ့်အလေ့အကျင့်နဲ့ကိုယ်
ယဉ်ကျေးတဲ့ကိုယ်ခံအားနဲ့
တောင်ပံမပါဘဲ ပျံလို့ရတဲ့စိတ်နဲ့
ဟောဒီလောကကို ယုံယုံကြည်ကြည် ချစ်မြတ်နိုးပါတယ်။
မေမေရေ
ဖွဲ့နွဲ့ခဲ့သမျှ အခါခပ်သိမ်းမှာ
မေမေလွှဲခဲ့တဲ့ ပုခက်ထဲကစာအုပ်တစ်အုပ်ပါ။ ။

ပြေမြင့်
(ဖေဖော်ဝါရီ၊၂၀၀၀၊ မြှားနတ်မောင် မဂ္ဂဇင်း)

မေတ္တာရှင် " ချစ်သော မေမေ " သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

Monday, June 4, 2007

အမေ


ကမ္ဘာလောကရဲ့
နေရာဒေသတစ်ခုမှာ
ဖြစ်တည်မှုအသစ်တစ်ခု
အမေဖန်တီးမှုပြုခဲ့တယ်
ဖြစ်တည်မှုရဲ့ အမည်နာမ
အမေ့ရင်ကို လှိုင်းထလောက်အောင်
ပျော်ရွှင်မှုတွေ ပီတိတွေပေး
အမေ့ရဲ့သားလေးတဲ့လေ
သားလှနောင်ရေး
စိတ်မအေးတဲ့အမေ
ရင်ဝယ်ထွေးပိုက်
နို့ချိုတိုက်လို့
မြင့်မြတ်ရိုးသား
စိတ်စွမ်းအားကို
အဓိကအမွေအဖြစ်
ပေးအပ်ချစ်ခဲ့တယ်
မှန်ကန်မှုရဲ့ အနှစ်သာရတွေ
မှားယွင်းမှုရဲ့ အနိဌာရုံတွေ
ဒါတွေဒါတွေ သီကုံးပြောကြေား
အမေ့စကားကြောင့်
အမှန်တရားရဲ့ စိတ်သန္ဓေ
သားအတွေးမှာ တည်မြဲခဲ့တယ်အမေ
ဒီလိုနဲ့ပဲ
နှစ်လတွေဟောင်း
ရာသီပြောင်းလေတော့
ယုံကြည်မှုတစ်ခုအတွက်
သားခရီးနှင်ခဲ့ရပြီ အမေ
ရိုင်းစိုင်းတဲ့မုန်တိုင်း
တိုက်ခတ်ကြမ်းပုံက
အန်တုသူမှန်သမျှ
ဖဲ့ခြွေခံရသတဲ့လေ
အဝေးတစ်နေရာက
ကြယ်စင်တွေကြွေကျခဲ့တာ
အမေမသိလိုက်လေတော့
အခုအချိန်
မျော်လင့်ချက်တွေနဲ့
နေ့ရက်တွေတည်ဆောက်
သားပြန်လာမယ့်နေ့ကို
အမေ့စောင့်နေမှာပဲနော်။ ။

နွေလေ
(အဝေးရောက်သားများကိုစောင့်မျော်နေကြသော အမေများ….သို့)

အမေ


သည်ကနေ့ ကျွန်တော် ဖြစ်နေသမျှ နောင်တစ်နေ့ ကျွန်တော်ဖြစ်ဖို့ မျော်မှန်းနိုင်သမျှ အားလုံးပင် အမေ့ကျေးဇူးချည်းဖြစ်သည်။

(အေဗရာဟမ် လင်ကွန်း)


အမေ့မျက်နှာပေါ်က အမာရွတ်


ကောင်လေးက မူလတန်းကျောင်းမှာ သူပထမဆုံးကြုံရသည့် မိဘဆရာအသင်း အစည်းအဝေးအတွက် အမေ့ကို ဖိတ်ခိုင်းတော့ သူဖိတ်သည်။ သို့သော် အမေ တကယ်တက်မည်ဆိုသည့်အခါ သူလန့်သွားသည်။ သူ့မိခင်ကို အတန်းဖော်များနဲ့ ဆရာမ ပထမဆုံးအကြိမ်အဖြစ် မြင်ကြရတော့မည် ဆိုတာတွေးကာ သူ ထူထူပူပူ ဖြစ်သွားသည်။ မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူ တစ်ဦးဖြစ်သည်။ သို့သော် မျက်နှာ ညာဘက်အခြမ်းမှာ အတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီးတစ်ခု ထင်နေသည်။

ကောင်လေးက သည်အမာရွတ်အကြောင်း မကြားချင်။ သည်အမာရွတ်ကြီး ဘာကြောင့်ရသလဲ ဘယ်လိုသလဲ မသိချင်။ ဒါကြောင့်သူ မမေး။ အစည်းအဝေးမှာ အခြားလူများနှင့် ဆုံကြတော့၊ သူ့မိခင်မှာ အမာရွတ်ရှိတာ မှန်သော်လည်း ပင်ကိုအလှရှိတာ ယဉ်ကျေး ပျုငှာတာတွေကြောင့် လူတွေက သဘောကျကြသည်။ ဒါကိုမြင်သော်လည်း ကောင်လေးရှက်ရွံ့စိတ်မပြေ၊ ရှောင်ဖယ်ပုန်းလျှိုးနေသည်။ သို့သော် တစ်နေရာမှာတော့ ဆရာမနှင့်သူ့မိခင်တို့ စကားပြောနေတာကြတာ သူကြားရသည်။

“မျက်နှာပေါ်က ဘယ်လိုရတာလဲ ” ဆရာမက မေးသည်။
“သားလေး နို့စို့အရွယ်တုန်းကပေါ့၊ သူ့အခန်းထဲမှာ မီးလောင်တော့ သားက ခုတင်လေးထဲမှာ ၊ အခန်းထဲမှာ မီးတွေ တဟုန်းဟုန်းဆိုတော့ ဘယ်သူမှ မ၀င်ရဲဘူး၊ ကျွန်မက အတင်းဝင်ပြေးသွား၊ အဲဒီမှာ အပေါ်က တုတ်တန်းကြီး တစ်ခု ပြုတ်ကျလာတော့ ကျွန်မသား အပေါ်ပြေးပြီး ကာလိုက်တာ၊ ကျွန်မကို ရိုက်မိပြီး အဲဒီမှာတင် မေ့လဲသွားတယ်၊ ကံအားလျော်စွာပဲ မီးသတ်သမားတွေ ရောက်လာပြီး ၀င်ကယ်လို့ သားအမိနှစ်ယောက်လုံး အသက် ချမ်းသာရာရတာ” မိခင်က မျက်နှာပေါ်က အမာရွတ်ကို စမ်းပြီး ပြန်ပြောနေသည်။ “တစ်သက်လုံး မီးလောင်ရာ အမာရွတ်တစ်ခုတော့ ထင်သွားတာပေါ့လေ၊ ဒါပေမဲ့ ဒီအတွက် ကျွန်မတစ်ခါမှ ၀မ်းမနည်းမိပါဘူး“ တဲ့ အမေက ဆိုသည်။

သည်စကား ကြားတော့မှ ကောင်လေး မျက်ရည်တွေ အ၀ိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကိုဖက်သည်။ သူ့အတွက် အသက်ပေး ကာကွယ်မည့် အမေဧ။် စေတနာ အမေ့ မေတ္တာတွေကို ခံစားရကာ သူ့ရင်ထဲ လှိုက်နေသည်။ အဲသည်နေ့ တစ်နေ့လုံး အမေလက်ကို သူတင်းတင်းဆုပ်ထားသည်။ တစ်ချက်မျှပင် မလွှတ်တော့ပေ။

မူရင်း....LiYuhKuo The Scar
ဘာသာပြန်...ဆရာဖေမြင့်

Wednesday, May 30, 2007

မြစ်ဝကျွန်းပေါ်

အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို့ဆိုလို့
ငါ့ခေါင်းအုံးအောက်က စာဟောင်းထဲမှာ
ငယ်ဘ၀တွေက ပြိုကျနေတဲ့ကမ်းပါးရှေ့ကပြေး
ကမ်းပါးနောက်မှာကျန်ခဲ့တာက
ငါတို့ရဲ့နောက်တစ်နေ့
ငါတို့ဘယ်မှာမှန်း မသိသေးတာ
နောက်ထပ်ပေါ်လာမယ့်သဲသောင်
အိပ်လို့ မပျော်တိုင်း
ထထကြည့်ကြတဲ့ ငါတို့ရဲ့မောင်နှမများ။
ငါတို့အမေစိုက်ခဲ့တဲ့ သရက်ပင်
ငါတို့နဲ့အတူမျောပါခဲ့ရတဲ့ သရက်သီးများ
ရေစီးက တအားသန်တယ်
ငါတို့ ပြန်မလာနိုင်ကြတော့ဘူး။

မိုးဝေး

အသံမစုံတဲ့တေး

စက်ချုပ်သံ တဂျုတ်ဂျုတ်မှာ
တို့တွေကို မမောတမ်းတင်ဆောင်ခဲ့တဲ့
အလံမဲ့ရထားလေးဟာ မေမေဆိုရင်...
ပျော်ရွှင်မှုကို အိမ်အပြင်ထွက်ရှာတတ်တဲ့
အသိုက်မေ့ ငှက်တစ်ကောင်ဟာ
ဖေဖေပေါ့။
ကံကြမ္မာရဲ့ လက်မြန်ခြေမြန်နိုင်မှုထဲ
ပလပ်တစ်ပေါက်လွတ်
တို့မိသားစုဖန်သားပြင်လေး
အခုထိ ရုပ်မြင်အသံမကြားသေး။ ။

ရိုးဒီ
(၂၀၀၃၊ မတ်လ၊ မြှားနတ်မောင်မဂ္ဂဇင်း)

Monday, May 28, 2007

အမေ

.













Sunday, May 27, 2007

လွတ်ကျသွားတဲ့အသံ


ရာသီဥတု၊ အခွင့်အခါသမမျှတတဲ့တစ်နေ့
မေမေ့ရှေ့ လက်ဖ၀ါးလေးဖြန့်
ကျွန်တော့်ငယ်ဘ၀ကို ပြန်တောင်းချင်ပါတယ်။
ကိုယ်ရောင်ဖျောက်သွားခဲ့သော စိတ်ကူးများ
ခြေရာနက်နက်မှာ ရင့်ကျက်ခဲ့သောအမှားများ
ကြိုးမညီခဲ့တဲ့ဘဝ
နောက်တစ်ခါပြန်ဆိုဖို့ နှုတ်ခမ်းတွေကို ရင်နဲ့တီးရပါလိမ့်မယ်
မေမေရေ...
လကမ္ဘာမှာ ကျွန်တော်အိပ်မက်တွေ ချိတ်ထားတယ်
ဆီဆမ်းထားတဲ့ဒုက္ခကို ဘယ်လိုဆားမျိုးနဲ့နယ်ရပါ့
ရွှေလင်ဗန်းကြီး သားမတွေ့ဘူး
ငယ်ငယ်က ပုံပြင်မျိုးတစ်ခါပြန်ပြောပြပါ
ကျွန်တော်...
အငိုတိတ်ချင်ပြီ

မိုးရင့်ကြယ်

အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။


ခရီရေတာ
19.3.2007

Saturday, May 26, 2007

အိမ်ပြေး

ဒီနေ့တော့
အိမ်ပြန်ရောက်ဖို့ လမ်းပျောက်နေပြီ.....။

အမေ့အိမ်ကနေ
ရက်ပေါင်းခုနှစ်ထောင် အကွာအဝေးက
မိုင်လေးရာကျော် ကြာမြင့်လို့...။

တိုက်မြင့်မြင့်တွေများတဲ့ မြို့ကြီးကနေ
အမေ့အိမ်ရှေ့ ၀ရန်တာက
မြင်နေရတဲ့ ကြယ်တွေကိုကြည့်ရင်း
အမေရယ်
သားချင်ခြင်းတပ်ခဲ့တဲ့ အိမ်ပြန်ချိန်တွေက
လင်းတစ်လှည့် မှိန်တစ်လှည့်...။

ရာသီစာခြံထွက်တွေလို လတ်ဆတ်တဲ့ အမေ့အပြုံးထက်
ရေခဲသေတ္တာထဲက ဒိန်ခဲလို
အေးစက်ငန်ကျိတဲ့ မချိတရိ အပြုံးတွေကို
သားကိုယ်တိုင် အဓိပ္ပာယ်မသိဘဲ ကြိုက်မိတော့
ဘ၀က မြည်းရင်းစမ်းရင်း ခါးသီးလာပြီ...။

အခု
တိမ်တွေရဲ့ သတင်းစကားမှာ
အမေ ထာဝရအနားရသွားပြီတဲ့
ကျွန်တော်သိတယ်
မြို့ငယ်လေးရဲ့ တောင်ကုန်းမြင့်မြင့်တစ်ခုမှ
အမေရှိနေပေမယ့်
ကျွန်တော် ပြန်တူးဖော်မရနိုင်ဘူးဆိုတာ...။

မိုးလှိုင်ည

လေလွင့်သူတစ်ယောက်၏ လွမ်းဆွတ်မှု

ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
အမေ ထွက်သွားတဲ့ရက်
အိပ်မက်တစ်ခုလို ထင်မှား
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။

မြို့ပြတစ်ခုရဲ့ရင်ခွင် သမီးဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။

မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။
နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။

“ဘယ်တော့မှ မငိုနဲ့ ”.....တဲ့
အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း
သမီးအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။

ဘ၀မှာ အမေသာစံပြ
အမေ့ ကိုနမူနာယူလို့
အမေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီကရင်း
အမေ့ကိုလွမ်းဆွတ် သတိရဆဲပါ အမေ။

နိုင်းနိုင်းစနေ

သင်ရိုးညွန်းတမ်း

သိမ်ငယ်မှုအကြွင်းမဲ့တွေနဲ့
ထုဆစ်ထည်ဆောက်ထားတဲ့
တောက်တောက်ပြောင်ပြောင်
နေ့လေးတစ်နေ့ဟာ
အမေ့ရဲ့ အမိုးအကာလုံတဲ့ အိမ်ကလေးထဲ
သားချော့တေးကလေး နားဆင်ခဲ့ရတဲ့ နေ့လေးတစ်နေ့ပါ အမေ။

အမေရယ်
မုန်တိုင်းဆိုတာ
အငြိုးအဖွဲ့ကြီးတတ်ပါသလား
ယုံမှားစိတ်တွေနဲ့ပဲ
ကိုယ့်အမှားကိုယ်ချိတ်ရင်း
အိပ်မွေ့ချခံရတဲ့ ညတွေမနည်းတော့ဘူး။

တံလျပ်တစ်ခုလောက်
မတောက်ပြောင်နိုင်ပေမယ့်
အသိမ်အဖျင်းနည်းနိုင်သမျှနည်းအောင် ကြိုးစားရင်း
ကိုယ့်အရင်းနဲ့ကိုယ်
တောက်ပြောင်ဖို့ ကြိုးစားနေတာဟာ
သားပါ အမေ......။

အမေရယ်
မိုးဆိုတာ မိုးရာသီမှာပဲ ရွာသွန်းလေ့ရှိတယ်ဆိုရင်
နွေမှာရွာရင်တော့
အဲဒီမိုးကို ဘယ်လိုအမည်နာမ သတ်မှတ်ကြမလဲ
နေတတ်ထိုင်တတ်ဖို့ဆိုတာ
ကိုယ်တိုင် ကြိုးစားကျင့်ယူမှ
ရလာနိုင်မယ့် သီလတစ်ခုပါ။

တိမ်တစ်စကို
ဘ၀လို့ ရည်ညွန်းမယ်ဆိုရင်
ရှင်သန်ခြင်းတစ်ခုနဲ့ ပျံသန်းနေတဲ့
ငှက်တစ်ကောင်ရဲ့ သင်ရိုးညွန်းတမ်းဆိုတာ
အဆုံးအစမရှိနိုင်တဲ့
ကောင်းကင်တစ်ခုပဲ ဖြစ်မှာပါ အမေ။

ဆုမြန္ဦး (ဟသာၤတ)
အတွဲ(၂) အမှတ်(၄) ၂၀၀၅ခုနှစ် ဇူလိုင်လထုတ် ရှပ်ရှင်အမြုတေ

ဒီတစ်သက် ဒီဘဝ

ဒီတစ်သက် ဒီဘ၀မှာ
ကျွန်တော် မေ့မရတဲ့ ငိုသံနှစ်ခုရှိတယ်။
ကျွန်တော့်ဘ၀အစရဲ့ ငိုသံ
အမေ့ဘ၀အဆုံးရဲ့ ငိုသံ
ကျွန်တော်မမှတ်မိတဲ့ ပထမငိုသံကို အမေပြောပြခဲ့တယ်
ကျွန်တော်ပြောလည်း အသုံးမ၀င်တော့တဲ့
ဒုတိယငိုသံကို အမေ မသိလိုက်ဘူး။
ဒါပေမယ့် ငိုသံနှစ်ခုရဲ့ကြားမှာ
အဆုံးမရှိတဲ့ ရယ်သံတွေ ပြည့်နှက်ခဲ့တယ်
တစ်ကျော့ပြီး တစ်ကျော့ ရယ်သံတွေ လူးလားခေါက်ပြန်နဲ့
အနှစ်သုံးဆယ် ကြာခဲ့တယ်
အမေလည်း သိတယ်
ကျွန်တော်လည်း မှတ်မိတယ်။

ထိုင်ဝမ် စာရေးဆရာ ရှီကွမ်ဂျို “ဒီတစ်သက် ဒီဘ၀” အာနိုင်းနိုင်းစနေ ဘာသာပြန်သည်။

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။

မိုးလှိုင်ည
(သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် သြဂုတ်လ)

ပြာသိုလပြည့်များ

မေမေ့မေတ္တာ လေးအညှို့မှာ
(ကျွန်တော်)သမုဒယမြှားလေး ကံခေပုံက
ပစ်မှတ်ကတခြား ထိဆုံမှတ်ကတခြား
လမ်းကြောင်းလွဲမှားခဲ့တဲ့ မြှားလား။
သစ်ပင်တိုင်း မမြင့်မားနိုင်တော့လည်း
အရပ်က စိတ်တလျားရှည်တာတောင်
အသံက ပြာခဲ့တုန်းပါပဲ မေမေ။
မေမေ့မိုးတွေ ၀ါးလုံးထိုးရွာမှ
ကျွန်တော့်ပက်ကြားအက်ကလေး စေးကပ်စိုမြတတ်ရုံ
ဆွေပြတ်မျိုးပြတ်နဲ့
မေမေ့မေတ္တာ မငတ်ရင်တော်ပြီဆိုတဲ့ကောင်
ကြက်မကြီးက ရင်အုပ်ထဲ ဆွဲသွင်းလိုက်တိုင်း
ထီမထင်ရိုင်းပြတတ်တဲ့ ကြက်ကလေး
မေမေသားမြက်အစုံကို ခြေထောက်စုံကန်ခဲ့ဖူးပြီ
အဲသလိုပဲ သူရဲကောင်းကဗျာဆရာက ငိုတယ်မေမေ။
စိတ်ကလေးက ခပ်တိုတို
ကိုယ့်ထွက်ပေါက်နဲ့ကိုယ် လွတ်မြောက်စွာနေလိုတဲ့ကောင်
မေမေ့ရဲ့ချိုမြမှုတွေကို အ၀ိဇာတွေနဲ့ ခွေးလိုဟောင်ခဲ့သူ
ကရုဏာအသံကို ဒေါသအဟုန်နဲ့ မာန်ဖီနေခဲ့သူ
အမေ့ဖြူစင်မှုတွေကို ကျွန်တော့်အတ္တနဲ့စွန်းထင်းစေခဲ့သူ
လူဖြစ်လျက်နဲ့ လူလားမမြောက်နိုင်ခဲ့သူ
ဒါနဲ့ပဲ မေမေ့မျက်ရည်တွေ ပူပေးခဲ့ရတယ်
သူရဲကောင်းဆိုတဲ့ကောင်ကလည်း ငိုတယ်
ကဗျာဆရာဆိုတဲ့ကောင်ကလည်း ငိုတယ်
ကျွန်တော်ကလည်း ငိုတယ်
ဟောဒီမှာ
ပုလဲပွင့်တွေ ပြာသိုလပြည့်နဲ့ရောပြီး
သရဖူလေးတစ်ခု ထုဆစ်ထားတယ်
မေမေ့ဆံနွယ်ဖွေးဖွေးမှာ
ဆင်မြန်းပေးဖို့ မ၀ံ့မရဲနိုင်ခဲ့ပြီ။

တီကျုး

အမေ

ရေငွေ့များများ ဇူလှိုင်လ
တိမ်ထူထူ နေ့တစ်နေ့
ဟိုးတောင်ကုန်းမြင့်မြင့်လေးပေါ်
အမေ..ငါ့ကိုထားခဲ့တယ်။
မသိတာတွေအများကြီးနဲ့
အမေငါ့ကို ထားခဲ့တယ်။
အမေက တောသူရိုးအတယ်
သူ့သား ခဏခဏအသည်းကွဲတတ်တာ
အမေ မသိဘူး
ကနတာရလမင်းစီးရီးပေါက်တာမသိဘူး
ဟယ်ရီလင်းကိုမသိဘူး
ဂန္တ၀င်မြောက် အိမ်အပြန်ထဲက
သူ့သားအသံကို မသိဘူး
လက်ဘက်ရည်ဆိုင်က ကောင်မလေးကို
ဆယ်နှစ်တိတိချစ်ခဲ့ပြီးမှ
ပြန်အချစ်မခံခဲ့ရတာကို မသိဘူး
လမ်းပေါ်ကကောင်မလေးနဲ့ သံယောဇဉ် တန်းဖြစ်ခဲ့တာ မသိဘူး
သူ့သားသူငယ်ချင်း ကုလားလေး ရာရှစ်ကို မသိဘူး
နာမည်နည်းနည်းကြီးတဲ့ သော်ဒီဝေကို မသိဘူး
နာမည်နည်းနည်းသေးတဲ့ ဝေချစ်ကို မသိဘူး
အမေက ဂီတကို မသိဘူး
ဒါပေမဲ့ ဆိုနီစတီရီယို ကက်ဆက်တစ်လုံး
ငါ့ကိုဝယ်ပေးရဲ့
အမေက ပီကာဆိုကို မသိဘူး
ဒါပေမယ့်
ကင်းဘတ်စနဲ့ဆေးတွေ ငါ့ကိုဝယ်ပေးရဲ့
အမေက သောကကိုမသိဘူး
ချစ်ခြင်းမေတ္တာအလျှံပယ် ငါ့ကိုပေးရဲ့
ငါပြန်မပေးနိုင်တာအားလုံး အမေငါ့ကိုပေးရဲ့
ရေငွေ့များများဇူလှိုင်လ
တိမ်ထူထူတစ်နေ့မှာ
ရိုဂျင်ဝါးတား၊ မကဇင်ဂေါ်ကီ၊ ဦးသုခ၊
စတိင်း၊ ဂျွန်လင်နွန်နဲ့ ဖီးကောလင်းတို့လိုပေါ့
ဘယ်တော့မှ ငါပြန်ရမှာမဟုတ်တဲ့
အမေကို ...ငါဖွဲ့ဆိုဖြစ်ရဲ့။

သော်ဒီဝေ

အလည်လွန်တေး

အဲဒီတုန်းက
ကျွန်တော့်ရထားလေးမှာ
ရပ်စရာဘူတာ မရှိရှာဘူး
ကိုယ့်အသိုက်ကိုယ် မီးရှို့ပြီး
ခရီးနှင်ခဲ့ သူဖုန်ဆိုးတောရိုင်း
လေးအဖို့
မိသားစုလုံခြုံမှုအတွက် မျိုးစေ့တစ်စေ့တောင်
အကျဲအပက် မခံဝံ့ဘူး။

မာနမူးလှိုင်းမူးနဲ့
အချိန်တိုင်းကူးခတ်၊ အခါတိုင်းကြေကွဲ
လောင်ကျွမ်းပျက်စီးသမျှထဲကပဲ
သင်ခန်းစာပြာစတွေ ဖွာထွက်လွင့်စင်
မနက်ဖြန်လှေကလေး ဆိပ်ကမ်းဝေးသောင်တင်မှ
သံယောဇဉ်ကောက်ရိုးတစ်မျှင်ကို
သွေးရှုးသွေးတမ်းလိုက်ဖမ်းနေမိပေါ့။

မေမေရေ….
ခွေးငတ်တစ်ကောင်ရဲ့လောကဓံဟာ
အရိုးအရင်းလေးနဲ့ပဲ ညှီစော်နံလို့
ပြန်စရာ လမ်းတလျှောက်
နံရံခါးခါးပေါက်ပေါက်ရောက်လို့။

အခုနောင်တတွေကို ကျွန်တော်မှုတ်ထုတ်နေရပြီ
ကျွန်တော့်နှုတ်ခမ်းက အချက်ပေးဥသြသံဟာ
ထွက်ခွာခြင်းလား၊ ဆိုက်ကပ်ခြင်းလား
အမေ့ရဲ့စကားသံဟာ
ကျွန်တော်အတွက်နှင်တံဖြစ်စေပေါ့

ထွေးယျ

အမေ့အတွက်သီချင်း

ကျွန်တော် မဖွဲ့ချင်ဘူး
ကျွန်တော် မဖွဲ့တတ်ဘူး
ဒီတော့ဂစ်တာတစ်လက်ကို ကောက်ကိုင်
အမြင့်ဆုံးကီးနဲ့
မြင့်မိုရ်တောင်ကြီး တုန်ဟီးသွားအောင်
အော်ဟစ်ပစ်လိုက်တယ်
အမေ....လို့။ ။

ရိုးဒီ
(2005.မေလ.Idea Magazine)