Wednesday, May 30, 2007

မြစ်ဝကျွန်းပေါ်

အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို့ဆိုလို့
ငါ့ခေါင်းအုံးအောက်က စာဟောင်းထဲမှာ
ငယ်ဘ၀တွေက ပြိုကျနေတဲ့ကမ်းပါးရှေ့ကပြေး
ကမ်းပါးနောက်မှာကျန်ခဲ့တာက
ငါတို့ရဲ့နောက်တစ်နေ့
ငါတို့ဘယ်မှာမှန်း မသိသေးတာ
နောက်ထပ်ပေါ်လာမယ့်သဲသောင်
အိပ်လို့ မပျော်တိုင်း
ထထကြည့်ကြတဲ့ ငါတို့ရဲ့မောင်နှမများ။
ငါတို့အမေစိုက်ခဲ့တဲ့ သရက်ပင်
ငါတို့နဲ့အတူမျောပါခဲ့ရတဲ့ သရက်သီးများ
ရေစီးက တအားသန်တယ်
ငါတို့ ပြန်မလာနိုင်ကြတော့ဘူး။

မိုးဝေး

အသံမစုံတဲ့တေး

စက်ချုပ်သံ တဂျုတ်ဂျုတ်မှာ
တို့တွေကို မမောတမ်းတင်ဆောင်ခဲ့တဲ့
အလံမဲ့ရထားလေးဟာ မေမေဆိုရင်...
ပျော်ရွှင်မှုကို အိမ်အပြင်ထွက်ရှာတတ်တဲ့
အသိုက်မေ့ ငှက်တစ်ကောင်ဟာ
ဖေဖေပေါ့။
ကံကြမ္မာရဲ့ လက်မြန်ခြေမြန်နိုင်မှုထဲ
ပလပ်တစ်ပေါက်လွတ်
တို့မိသားစုဖန်သားပြင်လေး
အခုထိ ရုပ်မြင်အသံမကြားသေး။ ။

ရိုးဒီ
(၂၀၀၃၊ မတ်လ၊ မြှားနတ်မောင်မဂ္ဂဇင်း)

Monday, May 28, 2007

အမေ

.













Sunday, May 27, 2007

လွတ်ကျသွားတဲ့အသံ


ရာသီဥတု၊ အခွင့်အခါသမမျှတတဲ့တစ်နေ့
မေမေ့ရှေ့ လက်ဖ၀ါးလေးဖြန့်
ကျွန်တော့်ငယ်ဘ၀ကို ပြန်တောင်းချင်ပါတယ်။
ကိုယ်ရောင်ဖျောက်သွားခဲ့သော စိတ်ကူးများ
ခြေရာနက်နက်မှာ ရင့်ကျက်ခဲ့သောအမှားများ
ကြိုးမညီခဲ့တဲ့ဘဝ
နောက်တစ်ခါပြန်ဆိုဖို့ နှုတ်ခမ်းတွေကို ရင်နဲ့တီးရပါလိမ့်မယ်
မေမေရေ...
လကမ္ဘာမှာ ကျွန်တော်အိပ်မက်တွေ ချိတ်ထားတယ်
ဆီဆမ်းထားတဲ့ဒုက္ခကို ဘယ်လိုဆားမျိုးနဲ့နယ်ရပါ့
ရွှေလင်ဗန်းကြီး သားမတွေ့ဘူး
ငယ်ငယ်က ပုံပြင်မျိုးတစ်ခါပြန်ပြောပြပါ
ကျွန်တော်...
အငိုတိတ်ချင်ပြီ

မိုးရင့်ကြယ်

အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။


ခရီရေတာ
19.3.2007

Saturday, May 26, 2007

အိမ်ပြေး

ဒီနေ့တော့
အိမ်ပြန်ရောက်ဖို့ လမ်းပျောက်နေပြီ.....။

အမေ့အိမ်ကနေ
ရက်ပေါင်းခုနှစ်ထောင် အကွာအဝေးက
မိုင်လေးရာကျော် ကြာမြင့်လို့...။

တိုက်မြင့်မြင့်တွေများတဲ့ မြို့ကြီးကနေ
အမေ့အိမ်ရှေ့ ၀ရန်တာက
မြင်နေရတဲ့ ကြယ်တွေကိုကြည့်ရင်း
အမေရယ်
သားချင်ခြင်းတပ်ခဲ့တဲ့ အိမ်ပြန်ချိန်တွေက
လင်းတစ်လှည့် မှိန်တစ်လှည့်...။

ရာသီစာခြံထွက်တွေလို လတ်ဆတ်တဲ့ အမေ့အပြုံးထက်
ရေခဲသေတ္တာထဲက ဒိန်ခဲလို
အေးစက်ငန်ကျိတဲ့ မချိတရိ အပြုံးတွေကို
သားကိုယ်တိုင် အဓိပ္ပာယ်မသိဘဲ ကြိုက်မိတော့
ဘ၀က မြည်းရင်းစမ်းရင်း ခါးသီးလာပြီ...။

အခု
တိမ်တွေရဲ့ သတင်းစကားမှာ
အမေ ထာဝရအနားရသွားပြီတဲ့
ကျွန်တော်သိတယ်
မြို့ငယ်လေးရဲ့ တောင်ကုန်းမြင့်မြင့်တစ်ခုမှ
အမေရှိနေပေမယ့်
ကျွန်တော် ပြန်တူးဖော်မရနိုင်ဘူးဆိုတာ...။

မိုးလှိုင်ည

လေလွင့်သူတစ်ယောက်၏ လွမ်းဆွတ်မှု

ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
အမေ ထွက်သွားတဲ့ရက်
အိပ်မက်တစ်ခုလို ထင်မှား
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။

မြို့ပြတစ်ခုရဲ့ရင်ခွင် သမီးဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။

မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။
နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။

“ဘယ်တော့မှ မငိုနဲ့ ”.....တဲ့
အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း
သမီးအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။

ဘ၀မှာ အမေသာစံပြ
အမေ့ ကိုနမူနာယူလို့
အမေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီကရင်း
အမေ့ကိုလွမ်းဆွတ် သတိရဆဲပါ အမေ။

နိုင်းနိုင်းစနေ

သင်ရိုးညွန်းတမ်း

သိမ်ငယ်မှုအကြွင်းမဲ့တွေနဲ့
ထုဆစ်ထည်ဆောက်ထားတဲ့
တောက်တောက်ပြောင်ပြောင်
နေ့လေးတစ်နေ့ဟာ
အမေ့ရဲ့ အမိုးအကာလုံတဲ့ အိမ်ကလေးထဲ
သားချော့တေးကလေး နားဆင်ခဲ့ရတဲ့ နေ့လေးတစ်နေ့ပါ အမေ။

အမေရယ်
မုန်တိုင်းဆိုတာ
အငြိုးအဖွဲ့ကြီးတတ်ပါသလား
ယုံမှားစိတ်တွေနဲ့ပဲ
ကိုယ့်အမှားကိုယ်ချိတ်ရင်း
အိပ်မွေ့ချခံရတဲ့ ညတွေမနည်းတော့ဘူး။

တံလျပ်တစ်ခုလောက်
မတောက်ပြောင်နိုင်ပေမယ့်
အသိမ်အဖျင်းနည်းနိုင်သမျှနည်းအောင် ကြိုးစားရင်း
ကိုယ့်အရင်းနဲ့ကိုယ်
တောက်ပြောင်ဖို့ ကြိုးစားနေတာဟာ
သားပါ အမေ......။

အမေရယ်
မိုးဆိုတာ မိုးရာသီမှာပဲ ရွာသွန်းလေ့ရှိတယ်ဆိုရင်
နွေမှာရွာရင်တော့
အဲဒီမိုးကို ဘယ်လိုအမည်နာမ သတ်မှတ်ကြမလဲ
နေတတ်ထိုင်တတ်ဖို့ဆိုတာ
ကိုယ်တိုင် ကြိုးစားကျင့်ယူမှ
ရလာနိုင်မယ့် သီလတစ်ခုပါ။

တိမ်တစ်စကို
ဘ၀လို့ ရည်ညွန်းမယ်ဆိုရင်
ရှင်သန်ခြင်းတစ်ခုနဲ့ ပျံသန်းနေတဲ့
ငှက်တစ်ကောင်ရဲ့ သင်ရိုးညွန်းတမ်းဆိုတာ
အဆုံးအစမရှိနိုင်တဲ့
ကောင်းကင်တစ်ခုပဲ ဖြစ်မှာပါ အမေ။

ဆုမြန္ဦး (ဟသာၤတ)
အတွဲ(၂) အမှတ်(၄) ၂၀၀၅ခုနှစ် ဇူလိုင်လထုတ် ရှပ်ရှင်အမြုတေ

ဒီတစ်သက် ဒီဘဝ

ဒီတစ်သက် ဒီဘ၀မှာ
ကျွန်တော် မေ့မရတဲ့ ငိုသံနှစ်ခုရှိတယ်။
ကျွန်တော့်ဘ၀အစရဲ့ ငိုသံ
အမေ့ဘ၀အဆုံးရဲ့ ငိုသံ
ကျွန်တော်မမှတ်မိတဲ့ ပထမငိုသံကို အမေပြောပြခဲ့တယ်
ကျွန်တော်ပြောလည်း အသုံးမ၀င်တော့တဲ့
ဒုတိယငိုသံကို အမေ မသိလိုက်ဘူး။
ဒါပေမယ့် ငိုသံနှစ်ခုရဲ့ကြားမှာ
အဆုံးမရှိတဲ့ ရယ်သံတွေ ပြည့်နှက်ခဲ့တယ်
တစ်ကျော့ပြီး တစ်ကျော့ ရယ်သံတွေ လူးလားခေါက်ပြန်နဲ့
အနှစ်သုံးဆယ် ကြာခဲ့တယ်
အမေလည်း သိတယ်
ကျွန်တော်လည်း မှတ်မိတယ်။

ထိုင်ဝမ် စာရေးဆရာ ရှီကွမ်ဂျို “ဒီတစ်သက် ဒီဘ၀” အာနိုင်းနိုင်းစနေ ဘာသာပြန်သည်။

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။

မိုးလှိုင်ည
(သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် သြဂုတ်လ)

ပြာသိုလပြည့်များ

မေမေ့မေတ္တာ လေးအညှို့မှာ
(ကျွန်တော်)သမုဒယမြှားလေး ကံခေပုံက
ပစ်မှတ်ကတခြား ထိဆုံမှတ်ကတခြား
လမ်းကြောင်းလွဲမှားခဲ့တဲ့ မြှားလား။
သစ်ပင်တိုင်း မမြင့်မားနိုင်တော့လည်း
အရပ်က စိတ်တလျားရှည်တာတောင်
အသံက ပြာခဲ့တုန်းပါပဲ မေမေ။
မေမေ့မိုးတွေ ၀ါးလုံးထိုးရွာမှ
ကျွန်တော့်ပက်ကြားအက်ကလေး စေးကပ်စိုမြတတ်ရုံ
ဆွေပြတ်မျိုးပြတ်နဲ့
မေမေ့မေတ္တာ မငတ်ရင်တော်ပြီဆိုတဲ့ကောင်
ကြက်မကြီးက ရင်အုပ်ထဲ ဆွဲသွင်းလိုက်တိုင်း
ထီမထင်ရိုင်းပြတတ်တဲ့ ကြက်ကလေး
မေမေသားမြက်အစုံကို ခြေထောက်စုံကန်ခဲ့ဖူးပြီ
အဲသလိုပဲ သူရဲကောင်းကဗျာဆရာက ငိုတယ်မေမေ။
စိတ်ကလေးက ခပ်တိုတို
ကိုယ့်ထွက်ပေါက်နဲ့ကိုယ် လွတ်မြောက်စွာနေလိုတဲ့ကောင်
မေမေ့ရဲ့ချိုမြမှုတွေကို အ၀ိဇာတွေနဲ့ ခွေးလိုဟောင်ခဲ့သူ
ကရုဏာအသံကို ဒေါသအဟုန်နဲ့ မာန်ဖီနေခဲ့သူ
အမေ့ဖြူစင်မှုတွေကို ကျွန်တော့်အတ္တနဲ့စွန်းထင်းစေခဲ့သူ
လူဖြစ်လျက်နဲ့ လူလားမမြောက်နိုင်ခဲ့သူ
ဒါနဲ့ပဲ မေမေ့မျက်ရည်တွေ ပူပေးခဲ့ရတယ်
သူရဲကောင်းဆိုတဲ့ကောင်ကလည်း ငိုတယ်
ကဗျာဆရာဆိုတဲ့ကောင်ကလည်း ငိုတယ်
ကျွန်တော်ကလည်း ငိုတယ်
ဟောဒီမှာ
ပုလဲပွင့်တွေ ပြာသိုလပြည့်နဲ့ရောပြီး
သရဖူလေးတစ်ခု ထုဆစ်ထားတယ်
မေမေ့ဆံနွယ်ဖွေးဖွေးမှာ
ဆင်မြန်းပေးဖို့ မ၀ံ့မရဲနိုင်ခဲ့ပြီ။

တီကျုး

အမေ

ရေငွေ့များများ ဇူလှိုင်လ
တိမ်ထူထူ နေ့တစ်နေ့
ဟိုးတောင်ကုန်းမြင့်မြင့်လေးပေါ်
အမေ..ငါ့ကိုထားခဲ့တယ်။
မသိတာတွေအများကြီးနဲ့
အမေငါ့ကို ထားခဲ့တယ်။
အမေက တောသူရိုးအတယ်
သူ့သား ခဏခဏအသည်းကွဲတတ်တာ
အမေ မသိဘူး
ကနတာရလမင်းစီးရီးပေါက်တာမသိဘူး
ဟယ်ရီလင်းကိုမသိဘူး
ဂန္တ၀င်မြောက် အိမ်အပြန်ထဲက
သူ့သားအသံကို မသိဘူး
လက်ဘက်ရည်ဆိုင်က ကောင်မလေးကို
ဆယ်နှစ်တိတိချစ်ခဲ့ပြီးမှ
ပြန်အချစ်မခံခဲ့ရတာကို မသိဘူး
လမ်းပေါ်ကကောင်မလေးနဲ့ သံယောဇဉ် တန်းဖြစ်ခဲ့တာ မသိဘူး
သူ့သားသူငယ်ချင်း ကုလားလေး ရာရှစ်ကို မသိဘူး
နာမည်နည်းနည်းကြီးတဲ့ သော်ဒီဝေကို မသိဘူး
နာမည်နည်းနည်းသေးတဲ့ ဝေချစ်ကို မသိဘူး
အမေက ဂီတကို မသိဘူး
ဒါပေမဲ့ ဆိုနီစတီရီယို ကက်ဆက်တစ်လုံး
ငါ့ကိုဝယ်ပေးရဲ့
အမေက ပီကာဆိုကို မသိဘူး
ဒါပေမယ့်
ကင်းဘတ်စနဲ့ဆေးတွေ ငါ့ကိုဝယ်ပေးရဲ့
အမေက သောကကိုမသိဘူး
ချစ်ခြင်းမေတ္တာအလျှံပယ် ငါ့ကိုပေးရဲ့
ငါပြန်မပေးနိုင်တာအားလုံး အမေငါ့ကိုပေးရဲ့
ရေငွေ့များများဇူလှိုင်လ
တိမ်ထူထူတစ်နေ့မှာ
ရိုဂျင်ဝါးတား၊ မကဇင်ဂေါ်ကီ၊ ဦးသုခ၊
စတိင်း၊ ဂျွန်လင်နွန်နဲ့ ဖီးကောလင်းတို့လိုပေါ့
ဘယ်တော့မှ ငါပြန်ရမှာမဟုတ်တဲ့
အမေကို ...ငါဖွဲ့ဆိုဖြစ်ရဲ့။

သော်ဒီဝေ

အလည်လွန်တေး

အဲဒီတုန်းက
ကျွန်တော့်ရထားလေးမှာ
ရပ်စရာဘူတာ မရှိရှာဘူး
ကိုယ့်အသိုက်ကိုယ် မီးရှို့ပြီး
ခရီးနှင်ခဲ့ သူဖုန်ဆိုးတောရိုင်း
လေးအဖို့
မိသားစုလုံခြုံမှုအတွက် မျိုးစေ့တစ်စေ့တောင်
အကျဲအပက် မခံဝံ့ဘူး။

မာနမူးလှိုင်းမူးနဲ့
အချိန်တိုင်းကူးခတ်၊ အခါတိုင်းကြေကွဲ
လောင်ကျွမ်းပျက်စီးသမျှထဲကပဲ
သင်ခန်းစာပြာစတွေ ဖွာထွက်လွင့်စင်
မနက်ဖြန်လှေကလေး ဆိပ်ကမ်းဝေးသောင်တင်မှ
သံယောဇဉ်ကောက်ရိုးတစ်မျှင်ကို
သွေးရှုးသွေးတမ်းလိုက်ဖမ်းနေမိပေါ့။

မေမေရေ….
ခွေးငတ်တစ်ကောင်ရဲ့လောကဓံဟာ
အရိုးအရင်းလေးနဲ့ပဲ ညှီစော်နံလို့
ပြန်စရာ လမ်းတလျှောက်
နံရံခါးခါးပေါက်ပေါက်ရောက်လို့။

အခုနောင်တတွေကို ကျွန်တော်မှုတ်ထုတ်နေရပြီ
ကျွန်တော့်နှုတ်ခမ်းက အချက်ပေးဥသြသံဟာ
ထွက်ခွာခြင်းလား၊ ဆိုက်ကပ်ခြင်းလား
အမေ့ရဲ့စကားသံဟာ
ကျွန်တော်အတွက်နှင်တံဖြစ်စေပေါ့

ထွေးယျ

အမေ့အတွက်သီချင်း

ကျွန်တော် မဖွဲ့ချင်ဘူး
ကျွန်တော် မဖွဲ့တတ်ဘူး
ဒီတော့ဂစ်တာတစ်လက်ကို ကောက်ကိုင်
အမြင့်ဆုံးကီးနဲ့
မြင့်မိုရ်တောင်ကြီး တုန်ဟီးသွားအောင်
အော်ဟစ်ပစ်လိုက်တယ်
အမေ....လို့။ ။

ရိုးဒီ
(2005.မေလ.Idea Magazine)