Saturday, December 13, 2008

အမေ့အလွမ်းပြေ

ရေခြားမြေခြား တစ်ပါးတိုင်းတွင်
သင်ယူပညာ စေရာတာဝန်
ကျေပွန်စေရာ ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ ချမ်းအေးလှသည့်
ညအမှောင်ထဲ မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝ
အညာဒေသ ဆောင်းကာလတွင်
အမေ့ရင်ခွင် ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....

အောင်မြင့်
(http://helloallmyfriend.blogspot.com)

Tuesday, December 9, 2008

မေမေ

မေမေ
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း
ဒီညနေတော့ အမေ့ဆီက
ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့
သားတွေးမိတယ်…

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…

ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ

အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)

သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်

ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့ နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်းပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..

မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော် မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..

အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွံ့နေသတဲ့….

ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….

အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်

အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….

မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။

မိုးလှိုင်ည

Sunday, October 19, 2008

မေမေရေ

ဆင်းရဲတွင်းထဲက၊ ခုန်ခုန်ထ,ခဲ့မိလို့
မနာလိုသူတွေနဲ့လည်း၊ ခဏခဏ ရန်ဖြစ်တယ်။
ဖြစ်ချင်တာ မဖြစ်မှာစိုးလို့၊ ဟိုတိုး,ဒီဝှေ့နဲ့ ကြိုးပမ်းလာလိုက်တာ
ဆွေမျိုးတွေကိုလည်း၊ မေ့တတ်ပြီ။

အဓိက တရားခံကတော့
ချစ်သူဟောင်းပေါ့... မေမေ။

မေမေရေ...
မေမေ ပေးထားတဲ့.. အဖြူရောင် အင်္ကျီလေး
ကျွန်တော် သိမ်းထားပါသေးတယ်။
အဖြူရောင်က အပေမခံလို့
ညစ်ထေးမှုတွေ အဝေဖန် ခံရဲအောင်
မည်းတဲတဲလေး ဝတ်ထားခဲ့မိတယ်... မေမေ။

မေမေရေ...
ကျွန်တော် သေဆုံးတဲ့အခါ၊
ကျွန်တော့်ရဲ့ အင်္ကျီအဖြူလေး၊
ညီလေးတွေကို ပေး ပေးပါ။
သူတို့ဆီမှာ...
အစွန်းချွတ်ဆေးတော့၊ ရှိကောင်းပါရဲ့။

မေမေရေ...
ကျွန်တော့်ကို၊ လောကကြီးထဲ ရဲရဲဝင့်ဝင့် ပို့ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်.. မေမေ
မေမေ့ကို ကျေးဇူးဆပ်ဖို့အတွက်
လောကကြီးထဲက၊ ကျွန်တော့်လို ကောင်တွေကို
စကားပြောနေပါတယ်..မေမေ။

မေမေရေ...
မေမေ သေဆုံးတဲ့အခါကျမှ၊
သား.. လက်မ ထောင်ပြလိုက်ပါရစေ..။

မောင်လှမျိုး (ချင်းချောင်းခြံ)
၂ဝဝ၁၊ ဇွန်၊ ၃ဝ၊ ၈း ၁၅ P.M

Wednesday, July 16, 2008

အမေ...


အမေ...
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့......

တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။

အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။

အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
ကျွန်တော်..ရှက်တယ်.......။

လိုအင်တစ်ခုအတွက်....
အမှန်တရားကို မြိုချ...
လိုအပ်ချက် တစ်ခုအတွက်...
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ....
ကျွန်တော် ရှက်တယ်......။

အများနဲ့ တစ်ယောက်....
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်.....

တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။

အဲဒီတော့...
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်......
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့....။

သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ....
အမှန်တရားကို ဆုပ်ကိုင်လို့...
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း.....
ကျွန်တော့ မနက်ခင်းတိုင်း.....
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ.......။

အဝေးရောက်နေတဲ့....
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သား လျှောက်နိုင်ပါတယ်.....။

ကျွန်တော့်အတွက်...
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ....
မျက်ရည်လဲ.. မဝေစေရပါဘူး......
သားမိုက် မဟုတ်ပေမယ့်....
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား......
သစ္စာစကား ဆိုပါတယ်..အမေ........။

အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။

((လေးညှို့ရှင်))

မျက်ရည်မိုးစက်တွေ


ဟောဒီကောင်းကင်ကြီး ညိုမှောင်လာရင်
ကျွန်တော့်ရင်ဘတ်ထဲကလည်း အိုစာလာပေါ့
မေမေရေ .. ခွဲခွာခြင်းတွေအတွက်
ကျွန်တော်ငိုခဲ့တယ်
မျက်ရည်တွေ မိုးဖြစ်စေ ..

ထင်နေဆဲ မြင်နေဆဲ ပုံရိပ်တွေပါပဲ အမေ
အမေ့သားရဲ့ ဘ၀မှာ ရွေးခြယ်စရာတွေက
များများစားစား မရှိလှပါဘူး
အသည်းနှလုံးကို မွှန်းသွားမယ့် ဓားတွေချည်းပဲ
တရကြမ်းတင်းခဲလို့နေပေါ့
ကြာတော့လည်း မျက်ရည်တွေကိုပဲ
ပြန်ပြန် ငိုချခဲ့ရတယ်
မေမေရေ .. မိုးတွေက ရွာနိုင်လွန်းလိုက်တာ

အဲဒီ မိုးရေတွေစဲကာစ ကာလတစ်ခုမှာ
ကျွန်တော်ဒီကမ္ဘာမြေကို ကူးခွင့်လက်မှတ်ရခဲ့တယ်
အခုတော့ သက်တမ်းက ပြည့်လုပြည့်ခင် ထင်ပါရဲ့ အမေ
မေမေ့သားဟာလေ .. ရိုးသားမှုတစ်ခုကို ထုတ်ပြဖို့
လူတကာရဲ့ လက်ညှိုးတွေနဲ့ချည်း တည့်တည့်တိုးခဲ့တယ်
ဟန်ဆောင်ဖုံးကွယ်တတ်သူတွေရဲ့ အကြားမှာ
အပြုံးအရယ်မပြတ်ဘဲ မတ်မတ်ဆက်ရပ်ချင်သေးပါရဲ့

နာကျင်ခံစားမှုတွေကို ပြစရာသက်သေဆိုလို့
တချိန်ကုန် အောင့်နေတဲ့ ရင်ဘတ်ပဲ ရှိတော့တယ်
ကျေးဇူးပြုပြီး သက်တမ်းတိုးပေးလှည့်ပါဦး မေမေ
မေမေခေါ်လို့ လာခဲ့တဲ့သား ..
ဘ၀ကို တံတားထိုးနေတုန်းပါ ..
လူနဲ့ လူကို တံတားခင်း ..
ကောင်းခြင်း မင်္ဂလာတေးချင်းတွေနဲ့ချည်း
လောကကို အလှဆင်မလို့ပါ မေမေ
သားလေ ..

ကောင်းကင်တစ်ရိုးမှာ မိုးမှောင်ကြီးကျလာတယ်လေ
ဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်းကို ခပ်ရိုင်းရိုင်း ခပ်ထန်ထန်ပဲ
ကျွန်တော်ဖြတ်သွားချင်ပါတယ်
အားနဲ့ မာန်နဲ့ပါ အမေ။ ။

ကိုဖြိုး (http://kophyoe.blogspot.com)

Thursday, May 22, 2008

အမေ






Sunday, May 11, 2008

အမေ










Thursday, April 17, 2008

ကျိန်စာ


အဖေ့ဓါတ်ပုံကိုမှီနွဲ့ထားလေသူ အမေ့မျက်ရည်
မြေနီလမ်းလေးပေါ်က
ဆိုးနေကျခြေသံလေးကို
ငေးမျော်နေလျော့မယ်….။
လ မသာတဲ့မြို့ပြမှာတော့ ကျွန်တော်
အမေမှာသော ရှိုက်သံနဲ့
မေတ္တာဓါတ်တို့ပစ်ချကြည့်မိ
အကြည့်တွေရေတစ်ပေါက်လေးတောင်မရရှိခဲ့…။

မိုင်လေးရာမှာ
အမေဂုဏ်တော်ကွန်ချာရွတ်ပါ
မိုင်လေးရာမှာ
ကျွန်တော်အရက်သောက်နေပါတယ်
အမေနဲ့ကျွန်တော်မိုင်ရှစ်ရာအကွာ…။

အမေရေ
`သေမိန့်ကျလူတစ်ယောက်မှာ
ဒဏ်ရာအနာတရတစ်ခုဖြစ်ရင်
သတ်ပစ်လို့မရဘူးတဲ့…´
အမေနဲ့ကျွန်တော်
ဒဏ်ရာဗရပွနဲ့
ရှင်မိန့်ကျနေ့စွဲတွေမှာ
ဘယ်ကံကြမ္မာကထပ်ဝေးစေခဲ့တာလဲ…။

ကျွန်တော့်ချက်မြုပ်ခဲ့တဲ့မြေမှာ
ဘာအပင်တွေပေါက်နေပြီလဲအမေ
ကျွန်တော်ကတော့ရွက်ကျပင်ပေါက်…။

အမေရှိတာထဲကနှုတ်ပေးပြီး
ကျွန်တော်ကလိုအပ်သမျှ ထပ်ပေါင်းချင်ရဲ့
ထုံးတမ်းစဉ်လာလိုအပ်ချက်အတိုင်း
ကျွန်တော့်ခြေလှမ်းတွေဦးပြန်လည်ခဲ့
ခွင့်လွှတ်နေကျ
လမ်းဆိုးလေးဆီ…။….။

ငြိမ်းစု
(နာမည်ပျက်မရှိတဲ့ အရိုင်းအစိုင်း ကဗျာစုမှ)

ပင်လယ်ခြောက်


လက်ဝှေ့ကြိုးဝိုင်းစင်ပေါ်က အရှုံးနဲ့

ဆင်းလာရတဲ့ လူတစ်ယောက်ရဲ့မျက်နှာလိုမျိုး သင်ခန်းစာတွေနဲ့

ကောင်းကင်တစ်ခုလုံးပဲ အညိုအမည်းစွဲလို့ပေါ့ မေမေ

ခုဆို မေမေကျန်ခဲ့တဲ့ ဧရာဝတီမှာလည်း

ဒီရေတောနဲ့ နွံဝါရောင်က သစ္စာရှိသလောက်

ရာသီရဲ့ လက်သီးချက်ပြင်းပြင်းနဲ့

သူစိမ်းတရံဆံ မိန်းမတစ်ယောက်ရဲ့ အချစ်လောက်

ကောင်းကင်ကြီးက ယုံစရာမကောင်းပါဘူး

မဲဇလီတောတွေက စောင်းကြိုးတစ်ချောင်း မဟုတ်ခဲ့ပါဘူး

လေထဲမှာ ကချေသည်မတစ်ယောက်လောက်လည်း

အကမကောင်းလှပြန်ပါဘူး

ကျွန်တော့်အလွမ်းတွေကတော့

အဲဒီ မဲဇလီရွက်တွေထက် စောကြွေခဲ့ပြီးပါပြီ

ကျွန်တော်အိပ်မက်တွေလည်း

မိုးစက်တွေ ရွှဲရွှဲစိုကုန်ပေါ့

သားလေးမိုးချူန်းသံတွေကိုကြောက်တုန်းက

မေမေ့ရင်ခွင်ဟာ ဒီမှာတော့ မရိတ်သိမ်းရသေးတဲ့

ဝါခင်းကြီးတစ်ခင်းပေါ့၊

နွေခေါင်ခေါင်စိုစိုစိမ်းလန်း

ဒဟတ်ရွက်တွေလိုကြွေကျရင်း

ဘ၀တစ်ခုလုံးခြောက်သွေ့အောင်

ကျွန်တော်ကလွမ်းတော့

မေမေမှမရှိတာ

ကောင်းကင်ဆိုတာပင်လယ်ခြောက်ကြီး တစ်ခုပါပဲ

ကျွန်တော်- အဲသလို

ပြတင်းပေါက်က

မေမေ့ကိုမျော်ရင်

မြင်ရတယ်မေမေ။


ပန်းလှိုင်စိုး( ကျူံပျော် )
သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း၊ 2002 အောက်တိုဘာ

Thursday, February 14, 2008

သားအိပ်ချင်နေပြီမေမေ


အမေ ကျွန်တော့် အခေါ်
မေမေပေါ့ . . .
သီးပွင့်ရာ ဥယျာဉ်တောမှာ
သားမျောနေပြီ
ပြန်လမ်းတွေ မိုးမမြင် လေမမြင်
ငိုသံတွေ စမ်းတ၀ါးဝါး
ဗုံတီးသံ မကြားတဲ့အရပ်မှာ
သားရောက်နေပြီ မေမေ။
ဒီည ကြယ်တွေ
ပိုစုံသလိုပါပဲ မေမေရယ်
ဟိုးမှာ မေမေ၊ ဟိုးမှာ. . .ဖေဖေ
ဟိုးမှာ ညီမလေးတွေ၊ ဟိုးမှာ ချစ်သူ
ဟိုးမှာကတော့ မေမေ့မြေးလေးတွေပေါ့ . . .
ထူးထူးခြားခြား ပတ်ဝန်းကျင်က
လေစိမ်းတွေကင်းရှင်း
သံစုံတွေမြည်နဲ့ မေမေ
ဖြားယောင်းတာလား ခြောက်လှန့်တာလား
သား ကြားနေမိတယ် ကြောက်နေမိတယ်
အော်ခေါ်သံတွေ စိန်ခေါ်သံတွေနဲ့
သားမနားဘူး မေမေ သားဆက်လျှောက်ဦးမယ်။
နေ့ နေ့ ည ည ဘဝ
အက္ခရာတွေကြားမှာ သားတစ်ယောက်
မြုပ်လိုက် ပေါ်လိုက်
ဖောင်းလိုက် ပိန်လိုက်
နားတွေကိုင်း ခါးတွေလည်း
အပိုင်းပိုင်းနဲ့ ချည့်နဲ့
ပြုတ်ကျ တစစီ ကွဲပျက်ခဲ့ပြီ
သားကို ထူပါ
မေမေ့ အသံ တိုးတိုးလေး
ပြုပါ သားရင်ဘတ်နဲက ဖူးပွင့်ချင်လို့ပါ။
သားပင်ပန်းနေပြီ မေမေ
သားအရမ်းအိပ်ချင်နေပြီ
မေမေ့ပေါင်မှာ သားခေါင်းအုံးလို့ အိပ်ချင်နေပြီ
ကျောက ဒန်းလော့မလိုဘူး
မွေ့ယာမလိုဘူး
ရနံ့ ပြင်းတဲ့ လူသုံးကုန်ပစ္စည်းတွေ
မလိုဘူး မေမေ
မေမေ့ မေတ္တာပဲလိုတယ်
အချစ်စည်တီးပြီး သားချော့တေးတစ်ပုဒ်နဲ့
သားကို ချော့သိပ်လှဲ့ပါ
သား အိပ်ပျော်ချင်လို့ပါ။
နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ပျော်ချင်လို့ပါ
အရုဏ်တက်ရင် သားကို နှိုးပါ
မေမေရေ . . .
ကောင်းကင်မှာ ရောင်စဉ်ဖြာကုန်ပြီ
အိပ်မက်တွေလည်း လင်းကုန်ပြီ
အဲဒီအိပ်မက်က မေမေ မွေးတဲ့
သားတစ်ယောက် ဖြစ်ထွန်းနေရဲ့ . . .။ ။

တည်ရ