Sunday, October 19, 2008

မေမေရေ

ဆင်းရဲတွင်းထဲက၊ ခုန်ခုန်ထ,ခဲ့မိလို့
မနာလိုသူတွေနဲ့လည်း၊ ခဏခဏ ရန်ဖြစ်တယ်။
ဖြစ်ချင်တာ မဖြစ်မှာစိုးလို့၊ ဟိုတိုး,ဒီဝှေ့နဲ့ ကြိုးပမ်းလာလိုက်တာ
ဆွေမျိုးတွေကိုလည်း၊ မေ့တတ်ပြီ။

အဓိက တရားခံကတော့
ချစ်သူဟောင်းပေါ့... မေမေ။

မေမေရေ...
မေမေ ပေးထားတဲ့.. အဖြူရောင် အင်္ကျီလေး
ကျွန်တော် သိမ်းထားပါသေးတယ်။
အဖြူရောင်က အပေမခံလို့
ညစ်ထေးမှုတွေ အဝေဖန် ခံရဲအောင်
မည်းတဲတဲလေး ဝတ်ထားခဲ့မိတယ်... မေမေ။

မေမေရေ...
ကျွန်တော် သေဆုံးတဲ့အခါ၊
ကျွန်တော့်ရဲ့ အင်္ကျီအဖြူလေး၊
ညီလေးတွေကို ပေး ပေးပါ။
သူတို့ဆီမှာ...
အစွန်းချွတ်ဆေးတော့၊ ရှိကောင်းပါရဲ့။

မေမေရေ...
ကျွန်တော့်ကို၊ လောကကြီးထဲ ရဲရဲဝင့်ဝင့် ပို့ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်.. မေမေ
မေမေ့ကို ကျေးဇူးဆပ်ဖို့အတွက်
လောကကြီးထဲက၊ ကျွန်တော့်လို ကောင်တွေကို
စကားပြောနေပါတယ်..မေမေ။

မေမေရေ...
မေမေ သေဆုံးတဲ့အခါကျမှ၊
သား.. လက်မ ထောင်ပြလိုက်ပါရစေ..။

မောင်လှမျိုး (ချင်းချောင်းခြံ)
၂ဝဝ၁၊ ဇွန်၊ ၃ဝ၊ ၈း ၁၅ P.M

1 comment:

ချမ်းလင်းနေ said...

ဆရာ့ကဗျာလေးက ရင်ထဲထိတယ်ဗျာ။