Thursday, February 14, 2008

သားအိပ်ချင်နေပြီမေမေ


အမေ ကျွန်တော့် အခေါ်
မေမေပေါ့ . . .
သီးပွင့်ရာ ဥယျာဉ်တောမှာ
သားမျောနေပြီ
ပြန်လမ်းတွေ မိုးမမြင် လေမမြင်
ငိုသံတွေ စမ်းတ၀ါးဝါး
ဗုံတီးသံ မကြားတဲ့အရပ်မှာ
သားရောက်နေပြီ မေမေ။
ဒီည ကြယ်တွေ
ပိုစုံသလိုပါပဲ မေမေရယ်
ဟိုးမှာ မေမေ၊ ဟိုးမှာ. . .ဖေဖေ
ဟိုးမှာ ညီမလေးတွေ၊ ဟိုးမှာ ချစ်သူ
ဟိုးမှာကတော့ မေမေ့မြေးလေးတွေပေါ့ . . .
ထူးထူးခြားခြား ပတ်ဝန်းကျင်က
လေစိမ်းတွေကင်းရှင်း
သံစုံတွေမြည်နဲ့ မေမေ
ဖြားယောင်းတာလား ခြောက်လှန့်တာလား
သား ကြားနေမိတယ် ကြောက်နေမိတယ်
အော်ခေါ်သံတွေ စိန်ခေါ်သံတွေနဲ့
သားမနားဘူး မေမေ သားဆက်လျှောက်ဦးမယ်။
နေ့ နေ့ ည ည ဘဝ
အက္ခရာတွေကြားမှာ သားတစ်ယောက်
မြုပ်လိုက် ပေါ်လိုက်
ဖောင်းလိုက် ပိန်လိုက်
နားတွေကိုင်း ခါးတွေလည်း
အပိုင်းပိုင်းနဲ့ ချည့်နဲ့
ပြုတ်ကျ တစစီ ကွဲပျက်ခဲ့ပြီ
သားကို ထူပါ
မေမေ့ အသံ တိုးတိုးလေး
ပြုပါ သားရင်ဘတ်နဲက ဖူးပွင့်ချင်လို့ပါ။
သားပင်ပန်းနေပြီ မေမေ
သားအရမ်းအိပ်ချင်နေပြီ
မေမေ့ပေါင်မှာ သားခေါင်းအုံးလို့ အိပ်ချင်နေပြီ
ကျောက ဒန်းလော့မလိုဘူး
မွေ့ယာမလိုဘူး
ရနံ့ ပြင်းတဲ့ လူသုံးကုန်ပစ္စည်းတွေ
မလိုဘူး မေမေ
မေမေ့ မေတ္တာပဲလိုတယ်
အချစ်စည်တီးပြီး သားချော့တေးတစ်ပုဒ်နဲ့
သားကို ချော့သိပ်လှဲ့ပါ
သား အိပ်ပျော်ချင်လို့ပါ။
နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ပျော်ချင်လို့ပါ
အရုဏ်တက်ရင် သားကို နှိုးပါ
မေမေရေ . . .
ကောင်းကင်မှာ ရောင်စဉ်ဖြာကုန်ပြီ
အိပ်မက်တွေလည်း လင်းကုန်ပြီ
အဲဒီအိပ်မက်က မေမေ မွေးတဲ့
သားတစ်ယောက် ဖြစ်ထွန်းနေရဲ့ . . .။ ။

တည်ရ

အိမ်ပြေးတစ်ယောက်ရဲ့ ဒိုင်ယာရီ

စိတ်ကူးထဲက ကမ္ဘာလောကကြီး
အမေ့အိမ်ထက် ရာသီဥတုသာယာမယ်ထင်လို့
ကျွန်တော်ထွက်လာလိုက်တာ
ဆယ်မိုးဆယ်နွေ..
တစ်နေ့မှ နေမသာခဲ့ပါဘူးအမေရယ်

မြို့ကလေးက ကျဉ်းတယ်
အမေ့အိမ်က စုတ်တယ်
ညီမလေးက နုငယ်နွမ်းနယ်
ဟောဒီကောင် အမေ့သားကတော့
စာတွေပေတွေ အထပ်ထပ်ဖတ်ပြီး
ဘ၀အပေါ် အချိန်ရှိသရွေ့ ရူးနှမ်းနေမိတာပေါ့

ကျွန်တော်က
အမေ့ရင်ငွေ့မှာပဲ ရိုးရိုးအေးအေးကလေး
ခိုလှုံချင်တာအမေရဲ့
အမေမရှိတဲ့ အရပ်ဒေသတွေမှာ
ဘယ်တော့မှ လ ထွက်လေ့မရှိဘူးဆိုတာ
အခု..ကျွန်တော်သိတတ်ခဲ့ပါပြီ

အသိပညာ အတတ်ပညာ
ဘ၀အာမခံချက် အဆင့်အတန်း
စားဝတ်နေမှုဆိုတဲ့ အရေးကြီး ၃ ပါး
အဲဒီမောင်းနှင်အားတွေနဲ့အတူ
ပိုကောင်းလာအောင် ငါဖန်တီးနိုင်သေးတယ်ဆိုတဲ့
နှင်တံတစ်ချောင်းက
ကျွန်တော့်ကို
လောကစားကျက်ကြီးထဲ လွှတ်ကျောင်းထားတာ
ကြာလှပေါ့ အမေရယ်

အမေက
ကျွန်တော့်အတွက် သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း
ဟုတ်ပါတယ်အမေ
အမေနဲ့ ငြင်းခုံခဲ့ရတဲ့ ညနေခင်းတွေမှာ
တေးသီချင်းတွေ အဆုပ်လိုက်ပွင့်ပါပကောလို့
အခု..ကျွန်တော်ခံစားတတ်ခဲ့ပါပြီ

အမေက တအားစိတ်ရှည်တယ်
ဘယ်လောက်ပဲ အကြာကြီး ငြင်းခုံနေရပါစေ
ကျွန်တော့်အပေါ်
တစ်ကြိမ်တစ်ခါမှ ဒေါသမထွက်ခဲ့ဘူးနော်
အကျိုးသင့်အကြောင်းသင့် အချက်အလက်နဲ့ပြန်ရှင်းပြလို့
အမေရှုံးသွားပြီဆိုရင်..
လမ်းထိပ်က သမိစ်ဆိုင်မှာ
ကျွန်တော့်ကို မုန့်ဟင်းခါးတွေ တ၀ကြီးဝယ်ကျွေးပြန်ရော
နိုင်တဲ့သူအပေါ် ရန်မမူရဘူး
ဂုဏ်ပြုရမယ်လို့များ အသံတိတ်သင်ကြားပေးခဲ့တာလားအမေရယ်
ဒီသင်ခန်းစာကိုတော့
ထွန်ရေးနက်တဲ့အထိ
ကျွန်တော်ကြေညက်ပြနိုင်ခဲ့ပါတယ် အမေ
ကျွန်တော့်ထက် ကြီးမှရယ်လို့မဟုတ်ပါဘူး
ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘ၀လမ်းတစ်လျှောက်
ကျွန်တော့်ထက် ငယ်သူတစ်ချို့အပေါ်မှာတောင်
မုန့်ဟင်းခါးတွေ ၀ယ်ကျွေးခဲ့ဖူးပါတယ်
ကျွန်တော်ရှုံးခဲ့ရင်တော့ ..အမေက
ကျွန်တော့်နားရွက်လေးကို သာသာဖွဖွလိမ်ဆွဲလို့
"ကဲ..မောင်အောင် မင်းအမေ့ကို ဘယ်လောက်ကြာအောင်ပွေ့ချီထားနိုင်သလဲ"
လို့ ပြောတတ်တယ်နော်
အခု..ကျွန်တော်ရှုံးသွားတဲ့အခါတိုင်း
နားရွက်ကို တံတွေးအဆွတ်ခံနေရတယ် အမေ

ကျွန်တော်ကိုက သန္ဓေမကောင်းခဲ့တာလား အမေရယ်
ဆယ်တန်းတောင်မအောင်သေးတဲ့ ကောင်လေးတစ်ယောက်က
အိမ်ကနေ သုံးကြိမ်ထွက်ပြေး
သူ့အမေကို ပူဆွေးအောင်လုပ်ခဲ့ဖူးတယ်ဆိုရင်
ဒီကနေ့ ကျွန်တော့်အသက် နှစ်ဆယ့်သုံး
အမှားတွေကို ဘယ်လိုပဲ သင်ပုန်းချေခဲ့ချေခဲ့
ပတ်ဝန်းကျင်ရဲ့ သားလိမ္မာဆိုတဲ့ အသုံးအနှုန်းအောက်မှာ
ကျွန်တော့်အပြုံးတစ်ပွင့်ဟာ
နာကျင်သိမ်ငယ်မှုတွေနဲ့ အဆိပ်သင့်နေရတုန်းပါအမေ

တောင်တန်းတွေ သစ်ပင်တွေနဲ့
စိမ်းညှို့အုပ်မိုးနေတဲ့ မြို့ကလေးရဲ့ ခြံထောင့်တစ်နေရာ
အိမ်ပြေးတစ်ယောက်ရဲ့ အမေဟာ အဝေးကသားအတွက်
တိတ်တိတ်ကလေးမျက်ရည်ကျနေရတယ်ဆိုတာ
ညီမလေးရဲ့စာထဲမှာ ပါလာတယ်အမေရဲ့
ညီမလေးအနားရောက်လာမှန်းသိတော့
လက်ဖက်ပင်တွေက ပိုးကျနေပြန်ပြီကွယ် လို့ဆိုသတဲ့
အမေရယ် ..
အမေ့လက်ဖက်ပင်တွေက ပိုးကျမနေပါဘူးလေ
အမေ့ရင်ထဲမှာသာ
ဟောဒီသားအတွက် လောင်မီးကျနေရတယ်မဟုတ်လားအမေ

ကျွန်တော်က
တောင်တန်းကြီးတွေရဲ့ ဟိုး..တစ်ဖက်မှာ
ကမ္ဘာသစ်ရှိတယ်လို့ ထင်တယ်
အမေက ကမ္ဘာသစ်ထဲမှာ
သားအတွက်နာကျင်မှုအသစ်တွေရှိတယ်လို့ မြင်တယ်
ကျွန်တော်ကထင်လို့ မိုက်ခဲ့တယ်
အမေကမြင်လို့ ရှိုက်ရတယ်
အမေ့ရှိုက်သံတွေကို အားတင်းသံတွေနဲ့
ကျွန်တော်စွန့်ထွက်ခွဲခွာခဲ့တယ်
အခု..ကျွန်တော့်အားတင်းသံတွေကို
ကျွန်တော့်ရှိုက်သံတွေက ၀ါးမြိုနေကြပြီအမေ

ကျွန်တော်ရွေ့လျားခဲ့ရာ လမ်းတစ်လျှောက်
အကျိုးအပေါက်တွေက အများကြီးပဲအမေရဲ့
ကိုယ့်အိမ်ကိုယ့်ယာမှာလိုတော့
စိတ်ရောကိုယ်ပါ မ၀ံ့ရဲတာအမှန်ပါအမေ
တံတားတစ်စင်းရဲ့ အခင်းအကျင်းမှာ
ပဉ္စလက်ပန်းကနုတ်တွေက များလွန်းလှတော့
ခြေလှမ်းတိုင်းကို သတိထားပြီးနင်းနေရတယ်အမေ

အမေနဲ့ဝေးနေရတဲ့နေ့တွေဟာ
ကျွန်တော့်အတွက် ဆောင်းညတွေလိုပါပဲ
အလင်းရောင်ကွယ်ပျောက်သွားပြီဆိုတာနဲ့
နွေးထွေးမှုတွေ ဆိတ်သုန်းရတယ်
ဒီလို နေ့ညအသင်္ချေတွေမှာ
ကိုယ့်စိတ်ကိုယ်ကို နယ်ဖတ်ပြုပြင်ရင်း
အမေ့ကိုလွမ်းတဲ့စိတ်နဲ့ မျက်ရည်ကျရပါတယ်အမေ
အသည်းမာတယ် စိတ်မာတယ်လို့
ကိုယ့်ကိုကိုယ် ထင်ထားတဲ့အိမ်ပြေးလေးတစ်ယောက်
မျက်ရည်ကျနေပြီလို့ အမေ့ကိုဝန်ခံလိုက်တာဟာ
အမေ့အိမ်ကိုပြန်လာတော့မဲ့ သင်္ကေတစ်ခုပေါ့အမေရယ်

မနက်ဖြန် သို့မဟုတ် ဘယ်သောအခါတော့
ကျွန်တော်အိမ်ကို ပြန်လာဖြစ်မှာပါအမေ
လက်ဖက်ပင်တွေ ပိုးထိုးနေတယ်ဆိုပြီး
အမေ တိတ်တိတ်လေးမငိုရတော့ပါဘူး
ငြင်းခုံရယ်မော တသောသောနဲ့
မြေနီလမ်းကလေးရဲ့ ဆေးရောင်စုံပန်းချီကားတစ်ချပ်မှာ
အမေနဲ့ကျွန်တော် ပျော်ပျော်ကြီးပါဝင်ခွင့်ရဦးမှာပါ
လောကဓံရဲ့ ထုထောင်းရိုက်ပုတ်မှုတွေနဲ့
သန်မာလာပြီဖြစ်တဲ့ ဟောဒီလက်နှစ်ဖက်ဟာ
အမေ့ကို ဘယ်လောက်ကြာကြာပွေ့ချီထားနိုင်တယ်ဆိုတာ
အံ့သြတကြီး သိစေချင်လှပါပြီအမေ။

ညိမ်းညို

အမေ့ လက်ရေး

မြောက်ပိုင်း ရှမ်းပြည်နယ် အစွန် အဖျားက ကြီးပြင်းခဲ့တဲ့ အမေ မြန်မာစကား ကောင်းကောင်း မပြောတတ်ဘူး။ တောင်ကြီးကို ရောက်တော့ မြန်မာ စကားကို မဖြစ်မနေ အမေပြောရတယ်။ တောင်ကြီးကနေ အင်းသားရွာ တစ်ရွာမှာ အခြေချတော့ အမေရဲ့ မြန်မာစကားမှာ မပီကလာ အင်းသားသံတွေ ညှပ်ပါနေတယ်။ အမေ မြန်မာစာ မတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ စာကျက်ရင် ဘေးမှာ ထိုင်ပြီး ညနက်သန်းခေါင်အထိ အမေ အဖော်ပြုတတ်တယ်။ ကျွန်မတို့ ရွတ်ဖတ်နေတဲ့ မြန်မာစာတွေကို အမေ ဂရုတစိုက် နားထောင်တတ်တယ်။ တရုတ်စာကိုတော့ အမေ အတော်အသင့် ရေးနိုင်ဖတ်နိုင်တယ်။ ငယ်ငယ်တုန်းက ကျွန်မတို့ကို တရုတ်စာသင်၊ စာပြပေးပေမဲ့ အမေ့လက်ရေးကို ကျွန်မ သေချာ မမှတ်မိဘူး။ အိမ်က ပြက္ခဒိန်ပေါ်မှာ ပျိုးနှုတ်၊ ကောက်စိုက်တဲ့ရက်ကို အမေ ရေးမှတ်တတ်ပေမဲ့ အမေ့လက်ရေးကို ကျွန်မ အမှုမဲ့ အမှတ်မဲ့ပဲ ထားခဲ့မိတယ်။

ကျွန်မ တောင်ကြီးရောက်တော့ ရွာနဲ့လည်း သိပ်မဝေး၊ နေ့ချင်းသွားပြန်လို့ ရတဲ့အတွက် အမေ့ကို လွမ်းရင် ရွာပြန်၊ အမေကလည်း ကျွန်မတို့ကို လာကြည့်နဲ့ စာတတန်၊ ပေတတန် မဆက်သွယ်ဖြစ်ခဲ့တော့ နဂိုကတည်းက အမှတ်မထားမိတဲ့ အမေ့လက်ရေးက ကျွန်မနဲ့ ပိုစိမ်းသွားတော့တယ်။

ကံကောင်းထောက်မလို့ နိုင်ငံခြားမှာ ပညာဆက်သင်ခွင့်ရမှ အမေ့လက်ရေးကို ဖတ်ဖို့ အခွင့်ကြုံလာခဲ့တယ်။ ရွာမှာ ဖုန်းမရှိတဲ့အတွက်၊ ဖုန်းပြောဖို့ ရက်ချိန်းတွေ ယူနေရတဲ့အတွက် အမေက သူပြောချင်တာကို ရေးပြီး ကျွန်မဆီ ပို့ခဲ့တယ်။ ရေးကျင့်မရှိတာ ကြာလို့ပဲလား... အဖတ်ပဲရှိပြီး အရေးမရှိတဲ့ အတွက်ကြောင့်လား၊ စားဝတ်နေရေးနဲ့ လုံးချာလည်လိုက်နေရလို့ စာဖတ်ချိန်နည်းခဲ့တဲ့ အတွက်ကြောင့်လား.. ကွေးကွေးကောက်ကောက် စာလုံးတွေ၊ အစက်တွေလိုပြီး အစက်တွေပိုနေတဲ့ စာလုံးအမှားတွေနဲ့ အမေ့လက်ရေးကို မြင်စက ကျွန်မ မနည်းဖတ်ယူခဲ့ရတယ်။

အမေပေးပို့လိုက်တဲ့ စာတိုင်းမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စာကြိုးစားဖို့၊ နောက်ဆံမတင်းဘဲ ပညာကို ဆုံးခန်းတိုင် သင်ယူဖို့၊ ငွေလိုရင် ဆွေမျိုးတွေဆီက ခဏယူသုံးပါ။ အမေ မရရအောင် ရှာပြီး ဆပ်မယ်ဆိုတဲ့ အကြောင်းတွေပဲဖြစ်တယ်။ အမေ့စာကို ဖတ်ပြီး အမေ့ကို သတိရစိတ်နဲ့ ခဏလောက် ကျွန်မ ၀မ်းနည်းသွားမိတယ်။ ပြီးရင် စာကို စာအိတ်ထဲ ပြန်ထည့်ပြီး တစ်နေရာရာမှာ သိမ်းထားလိုက်တယ်။ အမှုမဲ့ အမှတ်မဲ့ပါပဲ။

အမေဆုံးပြီး နှစ်နှစ်အကြာ ကျွန်မ အိမ်တစ်ခေါက် ပြန်ဖြစ်ခဲ့တယ်။ ခြေရာလက်ရာ မပျက် သော့ခတ်ထားတဲ့ အမေ့အခန်းကို ကျွန်မ အလွမ်းပြေ ၀င်ကြည့်ဖြစ်ခဲ့တယ်။ အမေရဲ့ ဘီရို ထောင့်တစ်နေရာမှာ ဗလာစာအုပ် တစ်အုပ်ကို တွေ့တော့ ကျွန်မ စိတ်ဝင်စားပြီး ယူကြည့်မိတယ်။ ကျွန်မနာမည်နဲ့ အစချီထားတဲ့ တစ်ဝက်တစ်ပျက် ရေးလက်စ စာတွေ၊ ဖျက်ရာ၊ ပြင်ရာ ဗလာပွနဲ့ စာတိုလေးတွေက ဗလာစာအုပ်နဲ့ အပြည့်ပါပဲ။ ကျွန်မဆီ စာတစ်စောင်ရေးဖို့ အမေဘယ်လောက် အချိန်ယူ အားစိုက်ခဲ့ရတယ်ဆိုတာ ရေးရာ၊ ခြစ်ရာတွေ ပွနေတဲ့ ဗလာစာအုပ်လေးက သက်သေပါ။ ကျွန်မရဲ့ လက်တွေ စာရွက်ကို အဆက်မပြတ် လှန်နေသလို ပါးပြင်ပေါ်က မျက်ရည်တွေလည်း အဆက်မပြတ် စီးဆင်းလို့နေတယ်။

ဖတ်ပြီး အမှတ်တမဲ့ ခေါက်သိမ်းထားခဲ့တဲ့ အမေရဲ့ မညီမညာ လက်ရေးတွေမှာ ခွန်အား ဘယ်လောက်ပါခဲ့သလဲ... အချိန်ဘယ်လောက် ယူခဲ့ရသလဲ... ဘယ်လောက် အားစိုက်ခဲ့ရသလဲ.. ကျွန်မ မသိခဲ့ပါဘူး။ အခုတော့ ၀ါကျင်ကျင် စာရွက်ပေါ်မှာ မင်ရောင်ဖျော့နေပြီဖြစ်တဲ့ အမေ့လက်ရေးတွေက အမေ မရှိတော့တဲ့နောက် အမေ့ကိုယ်စား ကျွန်မကို ပြောဆို ဆုံးမနေသလိုပဲ။ လဲကျသွားချိန် ပြန်ထဖို့ ကျွန်မကို ခွန်အားတွေ ပေးနေတယ်။ အားငယ်ချိန် အားတင်းထားနိုင်ဖို့ စိတ်ဓာတ်တွေ ဖြည့်ပေးနေတယ်။ ကျေးဇူးပါ အမေ... ကျေးဇူးဆိုတဲ့ စကားတစ်ခွန်းနဲ့ မလုံလောက်မှန်း သိပေမဲ့ အမေ့ကို ကျွန်မ အရမ်း ကျေးဇူးတင်မိပါတယ်။

မျက်စိနှစ်ကွင်း အလင်းရအောင်
ကျွန်မရဲ့ မီးအိမ်ကို ထွန်းညှိခဲ့သူဟာ အမေပါ။
စိတ်ဓာတ်တွေ လဲပြိုမသွားအောင်
ကျွန်မရဲ့ ၀ိညာဉ်ကို ပဲ့ကိုင်ခဲ့သူဟာ အမေပါ။
လမ်းခရီးဆုံးထိ လျှောက်လှမ်းနိုင်အောင်
အားအင်တွေ ဖြည့်ပေးခဲ့တာ အမေပါ...အမေ။

နိုင်းနိုင်းစနေ

“ငါအိုသွားတဲ့အခါ”

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ဘာသာပြန်သူ.. နိုင်းနိုင်းစနေ

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ “အလှ” “အလုပ်”
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)

အလကာင်္နှင့် ကန်တော့ခြင်း

အမေ့ အပြုံး
နှလုံးချိုကြည် နွေးထွေးသည်။

အမေ့ စကား
သကာ့ပျားနှယ်၊ နားဝ ချိုအိ မွှေးလှသည်။

အမေ့ မေတ္တာ
စမ်းရေဖြာသို့၊ ရင်မှာ ချမ်းမြေ့ အေးမြသည်။

အမေ့ ရင်ခွင်
ခေါင်းမှေးဝင်ကာ၊ ညစဉ်ညစဉ်
တေးသံစဉ်နှင့်၊ ပုံပြင် နားထောင်ခဲ့ဖူးသည်။

နို့ချို တိုက်ကျွေး
အမေ့သွေးနှင့် သားလေးလူလား မြောက်ခဲ့သည်။

သည်ယနေ့ထိ
အမေ့ကျေးဇူး၊ မဆပ်ဖူးသေး
ရင်မှာလေး၍၊ အကြွေးဝန်ပိ
မချိနှလုံး၊ မျက်ရည်ဖုံးကာ
ယူကြုံးမရ၊ ဗျာပါရနှင့်
သောကရစ်နှောင် တွယ်ငြိဆဲ။

သို့သော်လည်းလေ
အမေ ဆုံးမ၊ သြ၀ါဒနှင့်
ဘ၀ပင်လယ်၊ အပြောကျယ်၌
ဘယ်လောကဓံ၊ ရေစုန်ဆန်ဝဲ
ကူးခတ်ဆဲသာ၊ အောင်ပွဲတစ်နေ့ ရလိမ့်မည်။

သြော် ကျေးဇူးရှင် အမေ
မွေးရပ်မြေ၌၊ သာစေ မာစေ
ရွှင်လန်းစေကြောင်း၊ ဆုတောင်းပန်ထွာ
အလကာင်္နှင့် ဆယ်ဖြာရိုကျိုး
လက်စုံမိုး၍၊ ရှိခိုး ကန်တော့လိုက်တကား။

မိုးအောင်နွယ် (မင်းပြား)
၁၉၉၂ခုနှစ် ငွေတာရီ မဂ္ဂဇင်း အမှတ် ၃၈၆ ဒီဇင်ဘာလထုတ်

အမေ့ကဗျာ

ဘ၀မှာဘယ်သူ့ဝါကျနောက် လိုက်ပြီး
ဘယ်မှာပုဒ်မချရမလဲ….အမေ။

အမေမသိဘူး
ကျွန်တော့်ခြေထောက်တွေလေလျော့နေခဲ့တာ
မြစ်ထဲမှာ ရေရှိ-မရှိ
ကန္တာရထဲ ပန်းပွင့်-မပွင့်
ဒီလမ်းကလေးထဲ ဘာကိုစိုက်ပျိုးရမလဲ…အမေ။

အမေ့ယာထဲ ထွန်ရေးပူတယ်
ကျွန်တော့်ကဗျာထဲ မိုးခေါင်တယ်
အမေက တံဇဉ်နဲ့ရိတ်တယ်
ကျွန်တော်က ကဗျာနဲ့ ရိတ်တယ်။

အရိပ်ထဲမှာလည်း
ချွေးထွက်တာပဲမဟုတ်လား…အမေ။

အမေ့မျော်လင့်ခြင်းမှာ
ကျွန်တော်ဟာ အိပ်ဆေးတစ်ခွက်လား
တံငါနားနီး တံငါလား
မုဆိုးနားနီး မုဆိုးလား
ကဗျာရေးတဲ့ လက်ကိုတော့
ဖြတ်ပစ်လို့ မရဘူး…အမေ။

တကယ်တော့
ကဗျာဆိုတာ အမေ့လက်ထဲမှာ
ချော်ထွက်နေတဲ့ ပုတီးကုန်းလေးလို
လူဖြစ်ဖို့ ခဲယဉ်းသလောက်
ကဗျာဖြစ်ဖို့ ခဲယဉ်းပါတယ်

ဝင်းဆန်းဦး