Monday, September 27, 2010

ငါ့အက်ဆစ်တွေ (၂)

ဆုံးရှုံး... လွန်မြောက်ခြင်းများကိုသာ... တခုပ်တရ... အဟုတ်တကယ်... အစွန့်ပယ်ခံ... ပြန်အသုံးမ၀င်... တန်ဖိုးမဲ့... ဖဲချပ်များလို... အပြန်ပြန်... အလှန်လှန်... အထပ်ထပ်.. အသေချာချာ... သပ်သပ်ရပ်ရပ်... စီကာ... စဉ်ကာ... နောက်ထပ်... စီထပ်သွားရင်း... ကုလားဖန်... အမျိုးမျိုးကို... ထိုးထိုးနေရသော... ဘ၀ဆိုး၏... ဒီဇင်ဘာထဲမှာမှ... ခရစ္စမတ်ည... တညကို... ကျွန်ုပ်...ရရှိခဲ့ဖူးပါသည်... ဆိုသည်မှာ... အသေအချာ... မဟုတ်သည်မှာ... သေချာနေပါပြီ... ဟာလေလုယ... ငါ့မှာက... နံနက်ခင်းတွေ... ရှိနေသေးတယ်... ဟု... အားတင်း... ကျုံးဝါးပြီးသည့်နောက်... ဒူးမထောက်ပဲ... လဲပြိုခဲ့ရသော... တိမ်ညို... ကမ်းပါးပျောက်... မူးနောက်... မိုးမှောင်ကျ... အချိန်နာရီ ကာလများအတွင်း... စဉ်းလဲခြင်း... ဆူးရထားတစင်း... ရင်တွင်းမီးဖိုကလေး... တခုကို... အပြင်းထန်ဆုံး... တိုက်ချ... ပြေးထွက်... တက်နင်းသွားပြီးသည့်အခါ... ဟိုးအဝေးမှ... နေကြတ်... လကြတ်... မြောက်အရပ်သို့... လှည့်ပတ် သွားလာနေသော... နဂါးဦးခေါင်းသည်လည်းကောင်း... ရှေ့ဟောင်းနှောင်းဖြစ်... သမိုင်း အစစ်အမှန်များသည်... ဒဏ္ဍာရီအားဖြင့်လည်းကောင်း... အားကောင်း မောင်းသန်လာသည့်အခါ... ငါလျှောက်လာခဲ့တဲ့... လမ်းအဆုံးမှာ... အမုန်းက... ပန်းလိုပွင့်ပြီး... အချစ်က... လည်လှီးံခံလိုက်ရတဲ့... စက္ကန့်တွေ... မျက်နှာဖုံး... ထူထူတွေ တပ်ထားပြီး... စကားလုံး ဖြူဖြူတွေ... ကပ်ထားတဲ့... စာအုပ်များထဲက အစ်ဇမ်း မှန်သမျှကိုလည်း...ဘာမှ မပြောလိုပြီ...

နှင်းရေ့...
အင်းလျားလမ်းက စောင့်ပါ...
အဓိပတိလမ်းကစောင့်ပါ...
ပြည်လမ်းက စောင့်ပါ...
ခရမ်းပြာက စောင့်ပါ...
ဟံသာဝတီအ၀ိုင်းက စောင့်ပါ...
တံတားဖြူက စောင့်ပါ...
ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့က စောင့်ပါ...
လှည်းတန်း အ၀ိုင်းရှိခဲ့တဲ့နေရာဟောင်းက စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...

အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...

ATN

Saturday, September 4, 2010

နောက်ဆုံးမိနစ်

ဘ၀က အမြဲတမ်းအချိတ်အဆက်လွဲတယ်
အမေရယ်...
အဝေးပြေးလမ်းမပေါ်တက်ပြီး
ကျွန်တော်နောက်ကျမှန်းသိတဲ့အချိန်
နှစ်ကာလတွေက တ၀ီဝီဖြတ်သန်းသွားပြီ
ယုံယုံကြည်ကြည် စူးနစ်ခဲ့သမျှ
နက်နက်ရှိုင်းရှိုင်းနာကျင်ခဲ့ရတယ်
စာရေးဆရာရှစ်နှစ်သား
ဘလော့ဂါသုံးနှစ်သား
အမေ့အတွက်တော့
လက်ကြောမတင်းတဲ့ နှစ်ဆယ့်ရှစ်နှစ်သားကြီးပေါ့
မအောင်မမြင်မချင်း အမေ့အိမ်မပြန်ဘူး
မာနတွေတင်းခံခဲ့သမျှ
အမေ့ဆီပြန်မရောက်တာပဲ အဖတ်တင်ခဲ့တယ်
မြိုကြီးတွေ မလွယ်ပေါက်ကနေ
ခွေးတိုးဝက်ဝင်ရှင်သန်နေရတဲ့ကောင်
နောက်ကျောမှာ လှောင်ရယ်သံတွေပဲ
ပဲ့တင်ပြန်လာတယ်...
အိပ်မက်တွေ အတည်တကျမက်ဖို့
ကျွန်တော့် ညရေးညတာတွေခက်နေတုန်း
အခန်းလွတ်တွေထဲ
တိတ်တိတ်ပုန်းကြေကွဲဖူးပါရဲ့
နောက်ဆုံးမိနစ်မရောက်ခင်
အေးစက်နာကျင်တဲ့ ကျွန်တော်ဝတ်ရုံကိုချွတ်လို့
အမေ့ဆီမှာ
သန့်သန့်စင်စင် လူပြန်ဖြစ်ချင်ပါသေးတယ်... အမေ။



မိုးလှိုင်ည

Saturday, April 10, 2010

မေမေ့ပင်လယ်ကူးသင်္ဘောလေး

မေမေ့အပြုံးထဲ
ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး
အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။

မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ
မေမေ့ပေါင်ကို ခေါင်းအုံးလုပ်
သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။

ကော်ဖီလည်း လျော့သောက်ပါတယ်
အိပ်ရေးဝအောင်လည်း အိပ်တယ်
ကွန်ပျူတာလည်း တအားမသုံးဘူး
ဘုရားလည်း မှန်မှန်ရှိခိုးတယ်
ကျွန်တော် ဆက်ညာနေတုန်းပဲ…

ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့
ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။
နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့
ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။

မောဟတန်းလန်းနေ့စွဲတွေထဲ
တစ်နေ့တစ်လံ
တစ်နေ့တစ်လံနဲ့ပဲ
မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။

မေမေတွေ့လား
ခိုက်ခိုက်တုန်သတိရစိတ်နဲ့
ညက
ကျွန်တော်
အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။


လင်းဒီပ
၁၈.၀၃.၁၀

Tuesday, March 23, 2010

အမေ့ရဲ့မြစ်

အဖေ...သားကိုချစ်လားတဲ့
သားက
ကျွန်တော့်ကိုမေးတယ်...
ကျွန်တော်လည်း
ပြန်မေးမိတယ်
အဖေ.. သားကိုချစ်လား... အမေ...


ကျွန်တော်တို့တစ်တွေဟာ
လသာတဲ့ညတွေမှာ
ကြီးပြင်းခဲ့တာပါ....
အမေဟာ
ဘယ် အလင်းနဲ့များ ဝင်းပနေပါလိမ့်....

Ko Wunna Ko

မေမေ့ကို မပြောဖြစ်ခဲ့ဘူး

မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ အိပ်ယာဝင်ပြီး
မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ မျက်နှာသစ်တတ်ခဲ့တာတော့
ကြာပါပြီ...
ဒါပေမယ့် မေမေသိအောင် မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့။

အလုပ်တွေ အရမ်းများနေလို့ပါမေမေလို့ မပြောတော့ပါဘူး...
မေမေ့ကိုလွမ်းဖို့အတွက်တော့ လုံလောက်တဲ့ အချိန်တွေရှိပါသေးတယ်မေမေ။
ပြီးတော့
လွမ်းတာထက်ပိုတဲ့ တမ်းတနေမိတဲ့အချိန်တွေလဲ ရှိသေးတယ်မေမေ..
အထူးသဖြင့်
အောင်မြင်မှုတွေကြုံရတိုင်း
ဆုံးရှုံးမှုတွေကြုံရတိုင်း
မတော်တဆ ခလုတ်တိုက်မိတဲ့အချိန်တိုင်း
လူညာတွေနဲ့တွေ့တဲ့အချိန်တိုင်း
မာနကြီးဖို့ မေ့လျော့နေတဲ့အချိန်တိုင်း
အိပ်မက်ဆိုးက လန့်နိုးလာတိုင်း
ဝမ်းနည်းစွာ ငိုကြွေးမိတဲ့အချိန်တိုင်း
စိတ်ဓါတ်ကျအားငယ်မိတဲ့အခါတိုင်း
တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တိုင်း
ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့အခါတိုင်း
မေမေလို့ တိုးတိုးလေးရွတ်နေမိတယ်...
မေမေ့ကိုတော့ မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့..

မေမေနဲ့အဝေးမှာ
သမီးအတွက် အခက်အခဲတွေ ရှိနေခဲ့သလို
မကြာခဏတွေ့ရတတ်တဲ့ အဆင်မပြေမှုတွေလဲရှိသေးတယ်မေမေ
ပြီးတော့ မိန်းကလေးတစ်ယောက်အတွက်
မမြင်ရတဲ့ အန္တရာယ်တွေလဲ ရှိနေသေးတယ်မေမေ..
ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့...

မေမေ့ကို သနပ်ခါးသွေးပေးခဲ့တဲ့အချိန်တွေကို အရမ်းလွမ်းတယ်...
ကိုယ်တိုင်ထမင်းဗူးပြင်ဆင်ရတိုင်း
မေမေပြင်ပေးခဲ့တဲ့ ထမင်းဗူးလေးကိုသတိရလို့
ထမင်းဗူးမထည့်မိအောင် ကြိုးစားနေခဲ့တဲ့အချိန်တွေလဲ ရှိခဲ့ဘူးတယ်မေမေ..
ဒါတွေကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့နော်..

မေမေနေကောင်းလားလို့ မေးဖို့ ဆွံ့အနေတဲ့ သမီးကို
သမီးနေကောင်းလား လို့မေးဖို့ မပျက်ကွက်ခဲ့တဲ့ မေမေ့ကို
လိမ်ညာမိခဲ့တဲ့ အချိန်တွေလဲရှိခဲ့ဘူးတယ်မေမေ..
မကြာခဏချူချာလွန်းတဲ့ သမီးအတွက် မေမေစိတ်ပူနေမှာစိုးလို့ပါ..
ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးမေမေ...

တကယ်ဆို သတိရတဲ့စိတ်တွေနဲ့ ပူလောင်နေပေမယ့်...
အမေ့အိမ်ကိုလွမ်းတယ်...
ချစ်တဲ့သူတွေကို အရမ်းလွမ်းတယ်လို့ ပြောမထွက်ခဲ့ပြန်ဘူး မေမေရေ..
မေမေ့သမီးက စိတ်ပျော့ပေမယ့်
သူများသနားမှာကိုလဲ မလိုချင်ပြန်ဘူး.....
ဒါကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူး ထင်ပါရဲ့ မေမေ..

မေမေ့နားမှာ နေခွင့်ရခဲ့တဲ့ အချိန်တွေမှာ
စာနာစိတ်နဲ့ နားလည်ပေးခဲ့တဲ့ မေမေ့ကို အရမ်းချစ်ခဲ့ဘူးတယ်..
အခုလို အဝေးကြီးမှာရောက်နေတာတောင်
အချိန်အကြာကြီးနေမှ
မေမေနေကောင်းလားလို့ မေးတတ်တဲ့သမီးကို ထပ်ပြီးနားလည်ပေးနေတတ်တဲ့
မေမေ့ကို အရမ်းကျေးဇူးတင်မိတယ်မေမေ..
ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးလေ...

မေမေ့ကို ခဏခဏလွမ်းနေခဲ့တာကိုတောင်
မသိချင်ယောင်ဆောင်နေမိတဲ့အထိ
သမီးက မာနကြီးနေခဲ့လားမသိဘူးနော်...
တကယ်လို့ မေ့မေ့သမီးက မာနကြီးခဲ့တယ်ဆိုရင်လဲ
မာနကြီးတတ်အောင်သင်ပေးခဲ့တဲ့
မေ့မေ့ကိုကျေးဇူးတင်မိပါတယ်...
သမီးလဲ မေမေ့လိုပဲ
ချစ်တဲ့သူတွေအပေါ်မှာ
မာနပိုကြီးတတ်ခဲ့တယ် မေမေ...
ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးနော်..

ဆိုးလွန်းတဲ့ သမီးတစ်ယောက်ကို အမြဲတမ်းလဲနားလည်ပေးပါ မေမေ..
မေမေ့သမီးက မေမေ့ရင်ခွင်ထက်
လွတ်လပ်မှုတစ်ခုကို ပိုပြီး မက်မောနေတတ်တာကိုလဲ
မသိချင်ယောင်ဆောင်ပေးပါအုံးမေမေ..

တကယ်ဆို မေမေ့ကို မပြောဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ
တစ်ခုမကရှိခဲ့ပါတယ်မေမေ

သမီးအတွက်
မေမေစိတ်ပူနေမှာစိုးတယ်...
မေမေသောကရောက်နေမှာစိုးတယ်..
သမီးကိုလွမ်းလို့ မေမေပူလောင်နေမှာစိုးတယ်...
ပြီးတော့ မေ့မေ့ကို ချမပြရက်တဲ့ ဝေဒနာဆိုးတွေကို မေမေသိမှာစိုးလို့ပါမေမေရယ်...


SnowLay
( အမရာ ရေးတာတွေ့လို့ ရေးဖြစ်သွားတယ် ကျေးဇူးပါ အမရာ)

(International Mother Day အမှတ်တရ)

Monday, March 22, 2010

ခပ်လှမ်းလှမ်းကလှမ်...

ငယ်ငယ်က
မေမေပုံအောပေးခဲ့တဲ့ ဘဝတစ်ခုဟာ
(တကယ့်ကို)နေပျော်ဖို့ကောင်းခဲ့ရဲ့
အကာအရံမဲ့လောကဟင်းလင်းပြင်ထဲ
မေမေ့မှော်လက်တွေနဲ့အုပ်မိုးလို့အေးမြခဲ့
ပတ်ဝန်းကျင်ရဲ့ညှီနံ့တွေထဲ
မေမေ့သနပ်ခါးနံ့နဲ့လန်းဆန်းခဲ့
အချိန်တွေအကုန်မြန်လိုက်တာမေမေ….။
အတောင်အလက်စုံလာလေ
ဒါဏ်ရာတွေများလာလေ
လောကဓံကအထုအထောင်းကောင်းလို့
ထုသားပေသားကျလာတဲ့ဒီခန္ဓာမှာ
ဘာကိုမှထူးပြီးမခံစားချင်တော့တဲအဆုံး
လွမ်းဖျားလွမ်းနာကျလို့
ကယောင်ကတမ်းစကားကိုဆိုရင်
မေမေလို့ခေါ်သံကလွဲပြီး
ဘယ်အသံကမှဒီထက်ပိုပြီး
တိုးလျညင်သာသက်သာလွန်းတာမရှိဘူး
အရင်က
လောကကြီးကိုမကျေနပ်ရင်
မေမေ့ကိုတိုင်ပြောမယ်
အရာရာကိုစိတ်တိုင်းမကျရင်
မေမေ့ကိုဂဂျီဂဂျောင်ကျမယ်
အခုအချိန်မေမေနဲ့ဝေးတော့
ဘယ်သူ့ကိုပြောရပါ့မလဲမေမေ…
ဖြစ်နိုင်ရင်ပေါ့မေမေ
သဘာဝတရားရဲ့တန်ပြန်မှုတွေနဲ့
ကြမ်းတမ်းမာကျောနေတဲ့မေမေ့ခြေထောက်တွေကို
ဆုပ်နယ်ချင်တယ်
သနပ်ခါးပါးကွက်ကျားနဲ့
မေမေ့ရဲ့ပါးကိုတဒင်္ဂဖြစ်ဖြစ်မွှေးကြူချင်တယ်
ဆန္ဒဟာဆန္ဒသက်သက်လောက်
အသွားထက်ပါစေသား….
မေမေရေ
လွမ်းတာလည်းလွမ်းတယ်
လှမ်းတာလည်းလှမ်းတယ်
ခြေလှမ်းတိုင်းမှယအလွမ်းတွေအပြည့်နဲ့
အိမ်ပြန်လာချင်ရဲ့
အဝေးကြီးဝေးခဲ့ပြီမေမေ
ဘယ်သူမပြုမိမိမှုတဲ့
အဲဒီလိုထပ်ခါတလဲလဲရွတ်ဆိုနေမိတဲ့
နှုတ်ခမ်းဖျားတွေဟာလည်း
မေမေကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းမိတဲ့
ဟောဒီနှုတ်ခမ်းဖျားတွေ……။။။



အမရာ


(ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀)

Saturday, March 20, 2010

အမေ့အိမ်

အဲဒီမှာ တံခါးမရှိဘူး
အဲဒီမှာ ဓားမရှိဘူး
အဲဒီမှာ-
သားပြန်လာမယ့် အချိန်ကို မျှော်နေတဲ့
အိပ်မပျော်ခြင်းတွေ ရှိတယ်
အဲဒီမှာ
တစ်မြို့တစ်ရွာဆီ ဖြန့်ကြဲနေတဲ့
မေတ္တာပို့ခြင်းတွေ ရှိတယ်
အဲဒီမှာ
လူတစ်ယောက်ကို ငယ်ရွယ်သွားစေတဲ့
စိတ်ပျိုကိုယ်နု ဆေးတစ်မျိုးရှိတယ်
အဲဒီမှာ
ဝင်ရောက်ခိုနား ပျံထွက်သွားတတ်တဲ့
အစဉ်အလာတွေ ရှိတယ်
အဲဒီမှာ
လမ်းတစ်လမ်းလို ရင့်ကျက်မှုအပြည့်နဲ့
ညွှန်ပြချက်တွေ ရှိတယ်
အဲဒီမှာ
စိတ်ကူးတစ်ခုလုံး ဖြည့်စွမ်းပေးတဲ့
အနစ်နာခံစိတ်တွေရှိတယ်
အဲဒီမှာ
လရောင်နဲ့ဖျော်စပ်ထားတဲ့
ပျော်ရွှင်ခြင်းတွေ ရှိတယ်
အဲဒီမှာ
ဘယ်နေရာမှာမှ မရနိုင်တဲ့
ရင်ခုန်ဆွတ်ပျံ့တဲ့ အငွေ့အသက်တွေရှိတယ်
အဲဒီမှာ
တစ်ယောက်ပြီးတစ်ယောက်
ဘယ်သူသောက်သောက် စိတ်မကောက်တဲ့
ဆံဖြူသွားကျိုး ရေအိုးကလေးရှိတယ်
အဲဒီမှာ
အဲဒီမှာပါ
ဆိုးမိုက် ပေ တေ
ဘယ်လိုပဲ လေလွင့်ခဲ့တဲ့ သားသမီးဖြစ်ပါစေ
တံခါးဟာ ဖွင့်ထားဆဲ
အမေဟာ
အိမ်ရှေ့ လမ်းကို မျှော်ငေးနေဆဲပါ…။


ကေးမျိုးငြိမ်း
၂၀၀၈ အောက်တိုဘာ ရတီမဂ္ဂဇင်း

Friday, March 19, 2010

မေမေနဲ့ ကျွန်တော်

မေမေ… မေမေ…

နွေ ၁၉ခု၊ မိုး ၁၉ခု၊ ဆောင်း ၁၉ခု

အနီးကပ် ပြုစု ယုယခဲ့တဲ့ အမေ

အမေ… အမေ..

သူကသာ နွေ အဖြစ်ခံမယ်

သားကို အိုအေစစ် ဖြစ်စေချင်ခဲ့တဲ့ အမေ

အမေ.. အမေ..

အမေ ၁၉ နှစ်လုံးလုံး ထွန်ယက်စိုက်ပျိုး

ဒီသားဆိုးကတော့ ဘာမှဖြစ်မလာခဲ့သေး

အမေ… အမေ…

သတိရကြောင်း စာတစ်စောင်ရရုံနဲ့

မှိုင်းညို့ ဆိုင်းရီ မျက်ဝန်းနီတွေမှာ

ပီတိတွေ ပြန့်ကျဲနေလိုက်ပုံများ…

အမေ… အမေ..

တစ်လမ်းမောင်း မေတ္တာတရားနဲ့

နေရောင်ခြည်ခပ်ပါးပါးတွေ

သား အပေါ်မှာ လွှမ်းခြုံပေးတဲ့ အမေ

အမေ… အမေ…

နေ့တစ်နေ့ကို နေ့တစ်နေ့ကကျော်

အိုမင်းရင့်ရော်လာပေမယ့်လည်း

သူ့သား တိမ်ညွှန့်တွေ တက်စားမယ့် အချိန်ကိုမျှော်

သူပျော်နေရှာတယ်…


သိုးထိန်း (အန္တိမ)



Sunday, March 7, 2010

ခေါင်းလောင်းသံစာတမ်း


(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။

လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။

(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။

မုသားတစ်လွှာ မာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။

“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။

(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။

ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။

မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။

(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။

“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။

(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။

ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ်….။

ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။

ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။

မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။

(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။

ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။

ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။

တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။

(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။

မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။

နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။

သား…
ဘ၀ဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…

မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။

(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။

မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။

မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…

မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။

(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။

ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။

ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”

(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နိုး..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။

လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)

(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုး…အဝေးကြီးမှာ..။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။

အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။

အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)

(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။

အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။

ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။

မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..


(တာရာမင်းဝေ)

Friday, March 5, 2010

မေမေ... သားရှာနေတာကြာလှပြီ!

(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့ မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့် မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။

အဲဒီနေ့မနက်က အသက်(၅ဝ)ရှိပြီဖြစ်တဲ့ စစ္စတာထရီယာတစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်ဖို့စီစဉ်ခဲ့တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက်ကလေးငိုသံကို သူကြားလိုက်မိတယ်။ အသံကြားရာဖက်ကို သူလှည့်ကြည့်တော့ တံခါးဝနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင်ဆံပင်နဲ့ ကလေးငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ စစ္စတာက ကလေးကို ကျောင်းထဲခေါ်ယူမွေးစားပြီး Derbyလို့ အမည်ပေးခဲ့တယ်။

(၇)နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။ Derbyတစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။ Derbyဟာ စိတ်သဘောထားကောင်းပေမယ့် စိတ်ကျ နွမ်းလျတတ်တဲ့အကျင့်ရှိတယ်။

နေသာတဲ့နေ့တွေမှာ စစ္စတာတွေက ကလေးတွေခေါ်ပြီး တောအုပ်အလွန် မြစ်ဘေးကမြက်ခင်းပြင်ဆီ သွားရောက် ဆော့ကစားတတ်ကြတယ်။ တောအုပ်မနီးမဝေးမှာရှိတဲ့ ရွာလူတွေက မိဘမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး သူတို့ကလေးကို "အဲဒီကလေးတွေက မိဘအစွန့်ပစ်ခံထားရတဲ့ ကလေးတွေ... နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်" လို့ ပြောတတ်ကြတယ်။

အဲဒီလိုစကားကြားတိုင်း Derby အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး စစ္စတာကို "စစ္စတာ... ကျွန်တော့်မိဘတွေက ဘာဖြစ်လို့ ကျွန်တော့်ကို မလိုချင်တာလဲ? ကျွန်တော်ကို သူတို့မချစ်လို့လား?"လို့ မေးတယ်။ ဒယ်ဘီရဲ့အသံထဲမှာ သူ့အသက်နဲ့မလိုက်တဲ့ ရှုပ်ထွေးမှုတွေပါနေခဲ့တယ်။ သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ "ဘာဖြစ်လို့ ဒီလိုတွေးရသလဲ?"လို့ဆိုတယ်။

"ကျွန်တော်တို့က မိဘတွေစွန့်ပစ်ထားတဲ့ ကလေးတွေလို့ လူတွေပြောကြတယ်" ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီဆိုတယ်။

"သားရဲ့မေမေကို စစ္စတာမတွေ့ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာယုံတယ်။ လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူး။ သားမေမေ သားကိုစွန့်ပစ်ခဲ့ရတာက သူ့မှာအခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ဖြစ်မယ်"

စစ္စတာရဲ့နှစ်သိမ့်စကားကို ဒယ်ဘီဘာမှပြန်မပြောခဲ့တော့ဘူး။ အဲဒီကစ ဒယ်ဘီ ပိုကြီးပြင်းခဲ့တယ်လို ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး Rhineမြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။ အမေကိုလွမ်းဆွတ်တဲ့ ဒယ်ဘီရဲ့အလွမ်းတွေက မြစ်ရေတွေနဲ့အတူ စီးမျောသွားခဲ့တယ်။

(၂ဝဝ၃)ခုနှစ် မိခင်များနေ့ .... မိခင်များနေ့ရဲ့ နွေးထွေးကြည်နူးစရာမြင်ကွင်းတွေက အမေကို ပိုမျှော်လင့်တောင့်တစေအောင် ဒယ်ဘီရဲ့စိတ်ကို ထိုးဆွခဲ့တယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များနေ့ကို ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်ခဲ့တယ်။ အစီအစဉ်မှာ အမေအတွက် သားသမီးတွေရဲ့ တုန့်ပြန်မှုကို ဖော်ညွှန်းပြသခဲ့တယ်။ (၆)နှစ်အရွယ် ကလေးတစ်ယောက်က ချွေးတလုံးလုံးနဲ့ အမေကိုမြက်ရိတ်ကူခဲ့တယ်။ အမေက ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေခဲ့တဲ့ ရိုက်ကွက်တွေဖြစ်တယ်။ ဒါကို ဒယ်ဘီကြည့်ပြီး "ကျွန်တော်လည်း မိဘတွေကို ကူညီချင်လိုက်တာ သူတို့ဘယ်မှာလဲ?" လို့ စစ္စတာကိုမေးခဲ့တယ်။

ဒယ်ဘီရဲ့အမေးကို စစ္စတာပြန်မဖြေနိုင်ခဲ့ဘူး။ နှစ်တွေကြာခဲ့သည့်တိုင် ဒယ်ဘီမိဘရဲ့သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ် ဒယ်ဘီပြေးထွက်ခဲ့မိတယ်။ လမ်းမပေါ်မှာ အမေတွေကအများကြီး ဒါပေမယ့် ဒယ်ဘီအတွက် အမေတစ်ယောက်တောင် မပါခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေကို ကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုခဲ့မိတယ်။

လအတန်ငယ်အကြာမှာ အသက်(၉)နှစ်ရှိပြီဖြစ်တဲ့ ဒယ်ဘီတစ်ယောက် မိဘမဲ့ကျောင်းကခွါပြီး ကျောင်းနဲ့မနီးမဝေးက မူလတန်းကျောင်းမှာ ကျောင်းသွားတက်ခဲ့တယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမက သူတို့ကို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ ဘုရင်ကြီးက Go (ချက်ထိုး)ကစားတာကို အရမ်းနှစ်သက်ခဲ့ပြီး ကစားနည်းထီထွင်ခဲ့သူကို ဆုကြေးတွေချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ထီထွင်ခဲ့သူက သူ့ကို ဆန်စေ့အနည်းငယ်ချီးမြှင့်ဖို့ ဘုရင်ထံတောင်းဆိုခဲ့တယ်။ အဲဒီလူက ဆန်စေ့တွေကို ချက်ပျဉ်ပထမအကွက်မှာ တစ်စေ့တင်လိုက်တယ်။ အဲဒီနောက် ဒုတိယအကွက်မှာ ဆန်နှစ်စေ့၊ တတိယအကွက်မှာ နှစ်ဆတိုးပြီး ဆန်စေ့လေးစေ့တင်ခဲ့တယ်။ အဲဒီလို ဆတိုးပြီး ချက်ပျဉ်တစ်ခုလုံးကို ဆန်အပြည့်တင်လိုက်တယ်။ နောက်ဆုံးမှာ ဆန်အစေ့ပေါင်းစွာရခဲ့တယ်။ အဲဒီဆန်စေ့ပေါင်းတွေက ကမ္ဘာဆန်စေ့ပေါင်းရဲ့ ၁ဝဆဖြစ်ခဲ့တယ်။ အဲဒီအဆပေါင်းတွေကို သူချီးမြှင့်ခံခဲ့ရတယ်"

ဆရာမပြောတဲ့ပုံပြင်ကို နားထောင်ပြီး ဒယ်ဘီရဲ့မျက်လုံးတွေ အရောင်လက်သွားခဲ့တယ်။ တကယ်လို့ လူတစ်ယောက်ကို သူကူညီပြီး အဲဒီလူကို နောက်ထပ်လူ(၁ဝ)ယောက် ထပ်ကူညီခိုင်းမယ်။ ဒီလိုနည်းနဲ့ မေတ္တာတွေကို လက်ဆင့်ကမ်းပြီး တစ်နေ့မှာ ကိုယ့်မိဘပါ အကူအညီခံရမယ်လို့ ဒယ်ဘီတွေးမိတယ်။ အဲဒီနောက် လူတစ်ယောက်ကိုကူညီပြီးတိုင်း ကျေးဇူးတင်စကားပြောခံရချိန်မှာ ဒယ်ဘီက "တစ်ခြားလူ(၁ဝ)ယောက်ကို ခင်ဗျားကူညီတာဟာ ကျွန်တော့်ကို ကျေးဇူးတင်ရာရောက်တယ်"လို့ ဆိုခဲ့တယ်။

အကူအညီခံရသူတွေက ဒယ်ဘီရဲ့စိတ်ရင်းစေတနာကို ခံစားခဲ့ရသလို ဒယ်ဘီရဲ့ဒီလိုနည်းနဲ့ ဖြန့်ဝေလက်ဆင့်ကမ်းတဲ့မေတ္တာတွေက သူတို့ရင်ကို ရိုက်ခတ်ခဲ့တယ်။ ဒယ်ဘီရဲ့နည်းအတိုင်း လူ(၁ဝ)ယောက်ကိုကူညီပြီး အကူအညီခံရသူတိုင်းကို နောက်ထပ်လူ(၁ဝ)ယောက်စီ ထပ်ကူညီဖို့ သူတို့တောင်းဆိုခဲ့တယ်။ အဲဒီလိုနဲ့ မေတ္တာစက်ဝိုင်းတစ်ခုက မြို့လေးရဲ့နေရာအနှံ့မှာ ပြန့်နှံ့ခဲ့တယ်။

ဂျာမဏီက နာမည်ကြီး အစီအစဉ်တင်ဆက်သူ Rickကို ကူညီခဲ့မိမယ်လို့ ဒယ်ဘီ လုံးဝထင်မထားခဲ့မိဘူး။

Rickက အသက်(၅ဝ)အရွယ်ရှိတဲ့ ဂျာမဏီတီဗီလိုင်းက အစီအစဉ်တင်ဆက်သူဖြစ်တယ်။ သူ့ရဲ့ပြည့်ဝတဲ့ စင်ပေါ်အတွေ့အကြုံ၊ ဟာသဥာဏ်ကြောင့် ဂျာမန်တို့နှစ်သက်တဲ့ တင်ဆက်သူတစ်ဦးဖြစ်ခဲ့တယ်။ သူဟာနာမည်ကြီးသူတွေရဲ့ အပြင်ပန်းဟန်ဆောင်မှု၊ ကွယ်ဝှက်မှုတွေကို ထုတ်ဖော်ပြီး သူ့အစီအစဉ်မှာ တင်ဆက်ခဲ့တယ်။ လူတွေရဲ့သရုပ်အမှန်ကို မြင်ပေါင်းများခဲ့လို့ပဲလား! တီဗီလိုင်းတွေရဲ့ အပြိုင်အဆိုင်နဲ့ စိတ်ဖိအားကြောင့်လား! (၂ဝဝ၃)ခုနှစ်မှာ Rickတစ်ယောက် စိတ်ကျရောဂါခံစားခဲ့ရပြီး အလုပ်မှ ခဏရပ်နားခဲ့ရတယ်။ အောက်တိုဘာလမှာ Rickဟာ ခွင့်တစ်နှစ်ယူပြီး ကိုယ်လက်လန်းဆန်း ပြန်ကျန်းမာလာအောင် ခရီးထွက်ဖို့ စီစဉ်ခဲ့တယ်။

အဲဒီနောက် Rickတစ်ယောက် ဒယ်ဘီနေတဲ့မြို့လေးကို ရောက်လာခဲ့တယ်။ လှပတဲ့ Rhineမြစ်အလှက သူ့ကို ညှိ့ငင်ဖမ်းစားထားခဲ့တယ်။ တစ်ညနေစောင်းမှာ မြစ်ကမ်းတစ်လျှောက် Rick လမ်းလျှောက်ထွက်ခဲ့တယ်။ တစ်နေရာအရောက်မှာ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး အိတ်ထဲက ဆေးမထုတ်နိုင်ခင်မှာ မြက်ခင်းပြင်ပေါ် သူလဲကျသွားခဲ့တယ်။ အဲဒီအချိန်မှာ မြစ်ကမ်းနဖူးပေါ် ငါးမျှားနေတဲ့ဒယ်ဘီက မူးလဲသွားတဲ့ Rickကိုမြင်ပြီး ဆေးရုံကိုဖုန်းဆက် အချိန်မီကယ်တင်နိုင်ခဲ့တယ်။

ရောဂါသက်သာလာတဲ့ Rickက သူ့ကိုကယ်ခဲ့တဲ့ ဒယ်ဘီလက်ကို ကိုင်ပြီး ကျေးဇူးတင်စကားပြောတယ်။

"လူလေး... မင်းကို ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိဘူးကွာ။ တကယ်လို့ မင်းငွေလိုရင် မင်းကိုငါ ငွေတွေအများကြီးပေးနိုင်တယ်"

Rickအပြောကို ဒယ်ဘီခေါင်းခါပြီး "တကယ်လို့ အကူအညီလိုအပ်တဲ့ လူ(၁ဝ)ယောက်ကို အန်ကယ်ကူညီနိုင်ရင် ကျွန်တော့်ကိုကျေးဇူးဆပ်ရာ ရောက်ပါတယ်" လို့ ပြောခဲ့တယ်။

"မင်းတကယ် ဘာမှမလိုဘူးလား?" Rick အမေးကို ဒယ်ဘီပြုံးပြီး ခေါင်းခါပြလိုက်ပြန်တယ်။

ထူးဆန်းတဲ့ဒယ်ဘီကြောင့် Rick အံ့သြသွားခဲ့တယ်။ အဲဒီမြို့ကမခွါခင် ဒယ်ဘီကိုကားနဲ့ ကျောင်းအထိလိုက်ပို့ပြီး အဆက်အသွယ်ကို သူချန်ခဲ့တယ်။ Rickထွက်ခွါခါနီး ဒယ်ဘီက "လူ(၁ဝ)ယောက်ကို တတ်နိုင်သလောက် ကူညီဖို့ မမေ့ပါနဲ့နော်" လို့ ထပ်မှာပြန်တယ်။ Rickတစ်ယောက် ဒယ်ဘီကို သေချာကြည့်နေခဲ့တယ်။ ဒယ်ဘီရဲ့ စိတ်ရင်းစေတနာတွေက သူ့ဆီကူးစက်လာခဲ့တာကြောင့် ဒယ်ဘီကို သူတလေးတစား ခေါင်းညိတ်ပြခဲ့တယ်။

ဒီကာလအတောအတွင်းမှာ Rickဟာ သူ့ဘဝမျှော်လင့်ချက်ကို ပြန်တွေ့ခဲ့တယ်။ ဒယ်ဘီကြောင့် သူ့ဘဝပိုလှပခဲ့တယ်။ ပေးခဲ့တဲ့ဂတိအတိုင်း လူ(၁ဝ)ယောက်ကို စေတနာရှိရှိ သူကူညီခဲ့တယ်။ လူတွေကိုကူညီပြီးတိုင်း သူ့စိတ်တွေ လန်းဆန်းတက်ကြွလာတယ်လို့ သူခံစားမိတယ်။ အထူးသဖြင့် လူတွေဆီကနေ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းကြားရချိန်မှာ သူ့ဘဝ ပိုတန်ဖိုးကိုရှိလာတယ်လို့ သူခံစားမိခဲ့တယ်။ နှစ်ဝက်လောက်ကျန်သေးတဲ့ သူ့ခွင့်ရက်တွေကို ဖျက်သိမ်းပြီး သူအလုပ်ပြန်ဝင်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေက လူတွေကိုကူညီရင်း ပျော်ရွှင်နေတဲ့ ပြောင်းလဲလာခဲ့တဲ့ Rickကိုကြည့်ပြီး အံ့သြခဲ့ကြတယ်။

လူတွေကိုပေးလိုက်တဲ့ အကူအညီ(၁ဝ)ခုက Rickကို ထူးဆန်းမှုတွေနဲ့ ပြောင်းလဲစေခဲ့တယ်။ သူရဲ့စိတ်ကျရောဂါလည်း တဖြေးဖြေး ပျောက်ကင်းလာခဲ့တယ်။ (၂ဝဝ၃)ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့ညမှာ Rickရဲ့ အစီအစဉ်ကိုစလွှင့်ခဲ့တယ်။ Rickတစ်ယောက် ကင်မရာရှေ့မှာရပ်ပြီး တစ်နိုင်ငံလုံးကို သူကြုံတွေ့ခဲ့တာတွေ ပြောပြနေခဲ့တယ်။

"အရင်တုန်းက တခြားလူတွေရဲ့အကြောင်းကို ကျွန်တော်အများကြီးပြောခဲ့တယ်။ ဒီညမှာတော့ ကျွန်တော့်အကြောင်းကို ကျွန်တော်ပြောပါမယ်....... "

Rickဟာ မျက်ရည်အဝဲသားနဲ့ သူလုပ်ခဲ့တဲ့ လုပ်ရပ်ကောင်း(၁ဝ)ခုကို နာရီဝက်အတွင်းမှာ ပြောခဲ့တယ်။ နောက်ဆုံးမှာ Rickဟာ ဆို့နင့်တဲ့အသံနဲ့ "ဒါတွေဟာ တကယ်ဆိုတာ မယုံတဲ့လူတွေလည်းရှိကြမယ်။ ဒါပေမယ့် ကိုယ့်မေတ္တာ၊ စေတနာတွေကို တစ်ဘက်သားအတွက် ပေးဆပ်လိုက်ချိန်မှာ ရလာတဲ့အပျော်တွေက ကျွန်တော်တစ်ကိုယ်လုံးထဲ လှည့်ပတ်စီးဆင်းစေခဲ့တယ်။ လူဆယ်ယောက်ကို ကူညီတာနဲ့ သင့်ဘဝက ထူးဆန်းအံ့သြမှုတွေနဲ့ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်ပါတယ်" လို့ပြောခဲ့တယ်။

ဒီလိုနဲ့ Rickရဲ့အစီအစဉ်က ဂျာမဏီတစ်နိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့ပြီး လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လူတချို့က Rickဆီဖုန်းဆက်ပြီး လူဆယ်ယောက်ကိုကူညီပြီး လုပ်ရပ်ကောင်းဆယ်ခုကို သူတို့လုပ်ဖို့ သဘောတူကြောင်း ပြောခဲ့တယ်။ တချို့က သူ့အစီအစဉ်မှာ ဒယ်ဘီကိုခေါ်ခဲ့ဖို့ တောင်းဆိုကြတယ်။ စိတ်စေတနာကောင်းတဲ့ ဒယ်ဘီကို သူတို့တွေ့ချင်ခဲ့ကြတယ်။

(၂ဝဝ၄)ခုနှစ် ဇန်နဝါရီလမှာ ဒယ်ဘီကို Rickရဲ့ အစီအစဉ်မှာ ဖိတ်ခေါ်ခဲ့တယ်။ ပရိသတ်တွေက ဒယ်ဘီကို တအံ့တသြနဲ့ "မင်းမှာ ဘာဖြစ်လို့ အဲဒီလိုအတွေးတွေရှိခဲ့တာလဲ"လို့ မေးတော့ ဒယ်ဘီက မျက်နှာနီလေးနဲ့ နုတ်ခမ်းကိုတစ်ချက်ကိုက်ပြီး သူ့အတွေးတွေကို ပြောပြခဲ့တယ်။ ကလေးငယ်တစ်ဦးမှာ မိခင်ကိုချစ်တဲ့စိတ်တွေ ဒီလောက်နက်နဲလိမ့်မယ်လို့ လူတွေမထင်ခဲ့ကြဘူး။ တချို့လူကြီးပိုင်းအရွယ်တွေက တစ်နေ့ကုန်တစ်နေ့ခမ်း အလုပ်တွေရှုပ်ပြီး ကိုယ့်မိခင်ကို မေ့ထားတတ်ကြတယ်။ ဒယ်ဘီရဲ့အတွေးတွေက လူတွေရဲ့အနူးညံ့ဆုံး၊ အပျော့ပျောင်းဆုံး စိတ်တစ်နေရာကို ကိုင်လှုပ်နိုင်ခဲ့လို့ ပရိသတ်အများရဲ့မျက်လုံးမှာ မျက်ရည်တွေ ဝေသီခဲ့ရတယ်။

Rickက ပိန်လှီလှတဲ့ ဒယ်ဘီရဲ့ခန္ဓာကိုယ်ကို တင်းတင်းပွေ့ဖက်ပြီး "မင်းအမေတော့ မင်းကိုအရမ်းချစ်မှာပဲ၊ မင်းအမေကို မင်းတစ်နေ့တွေ့မှာပါ" လို့ အားပေးစကားဆိုခဲ့တယ်။

ဂျာမဏီနိုင်ငံတစ်ခုလုံးကို "လုပ်ရပ်ကောင်း(၁ဝ)ခု"ဆိုတဲ့လှိုင်းတစ်ခု ရိုက်ခတ်သွားခဲ့တယ်။ အရင်က ခက်ထန်တဲ့လူတချို့ရဲ့ မျက်နှာပေါ်မှာတောင် နွေးထွေးတဲ့အပြုံးတွေ တွေ့မြင်ကြပြီဖြစ်တယ်။ လူတွေက သူတို့ကူညီခဲ့တဲ့လူတွေမှာ ဒယ်ဘီမိခင်ပါဝင်ဖို့ မျှော်လင့်ခဲ့ကြတယ်။

ဒယ်ဘီရဲ့ရုပ်ပုံနဲ့အသံကို ဂျာမဏီနိုင်ငံရဲ့ လမ်းတိုင်းမှာတွေ့မြင်ရတယ်။ ဒယ်ဘီရဲ့ပုံပြင်ကို လူတိုင်းပြောစမှတ်ပြုခဲ့ကြတယ်။ တီဗီလိုင်းတွေကလည်း ဒယ်ဘီမိခင်ရှာပုံတော်မှာ ကူညီခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမိခင်က လူထင်ထွက်မပြခဲ့ပါဘူး။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလမှာ စိတ်ရင်းစေတနာကောင်းတဲ့ ဒယ်ဘီအပေါ် အကြောင်းမလှတဲ့ ကံတရားတစ်ခုကျရောက်ခဲ့တယ်။ ဒယ်ဘီနေတဲ့ကျောင်းက ကျောင်းသားအများဟာ ဆင်းရဲတဲ့မိသားစု၊ ပတ်ဝန်းကျင်က ကြီးပြင်းလာသူတွေဖြစ်တယ်။ တချို့ကလေးတွေဟာ ငယ်ငယ်လေးကတည်းက ဒုစရိုက်အဖွဲ့တွေထဲ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဒယ်ဘီကိုလူသိများလာပြီးနောက် ဒယ်ဘီမှာ ငွေကြေးတွေရှိလာနိုင်တယ်လို့ ထင်ပြီး ဒယ်ဘီကို သူတို့ရဲ့ပစ်မှတ်အဖြစ်ထားခဲ့တယ်။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေကျောင်းဆင်းချိန် အပြန်လမ်းမှာ ဒယ်ဘီကို ကျောင်းသားဆိုးတချို့ ဝိုင်းလုယှက်ခဲ့ကြတယ်။ ဒယ်ဘီကိုယ်ပေါ်မှာ သူတို့လိုချင်တဲ့ ငွေကိုမတွေ့တော့ ဒေါသကြီးတဲ့ လူငယ်တွေက ဒယ်ဘီကို ဓားနဲ့ထိုးခဲ့ကြတယ်။

ဒယ်ဘီရဲ့ဗိုက်နဲ့ နှလုံးအိမ်မှာ ဓားထိုးတွင်းခံရပြီး အကြီးအကျယ်ဒဏ်ရာရခဲ့တယ်။ သွေးအိုင်ထဲမှာ ၂နာရီကျော် လဲလျောင်းနေခဲ့ရတဲ့ ဒယ်ဘီကို ကင်းလှည့်ယာဉ်တွေ့မှ ဆေးရုံကိုပို့ခဲ့ရတယ်။ မေ့မြောနေတဲ့ ဒယ်ဘီဆီကနေ "မေမေ... မေမေ..."ဆိုတဲ့ ညည်းသံကို လူတွေကြားခဲ့ရတယ်။

တီဗီလိုင်းတွေက ဒယ်ဘီရဲ့အခြေအနေကို ၂၄နာရီလုံး ထုတ်လွှင့်ခဲ့တယ်။ ဒယ်ဘီကို ဂရုစိုက်စိုးရိမ်ကြသူတွေက ဒယ်ဘီကျန်းမာဖို့ ဆုတောင်းကြတယ်။ တက္ကသိုလ်ကျောင်းသားတွေစုပြီး အလက်ဆန္ဒားရင်ပြင်မှာ လက်ချင်းချိတ်ပြီး အသဲပုံပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ပါးစပ်မှာလည်း "မေမေ... မေမေ..." လို့ ရွတ်အော်ခဲ့ကြတယ်။ သူတို့ရဲ့ရွတ်အော်သံကိုကြားတဲ့ လူတွေက မျက်ရည်အဝဲသားနဲ့ ဒီ"အသဲပုံ" ထဲပါဝင်လာကြတယ်။ နောက်ဆုံးမှာ လူတွေတဖြေးဖြေး များပြားလာခဲ့ပြီး အသဲပုံလည်း တဖြေးဖြေးကြီးမားလာခဲ့တယ်။

လူတွေကို ပိုထိခိုက်ဝမ်းနည်းစေခဲ့တာက ဒယ်ဘီဓားထိုးခံရပြီး နာရီပိုင်းနောက်မှာ အမျိုးသမီးရာပေါင်းများစွာက တီဗီလိုင်းဆီ ဖုန်းဆက်ပြီး သူတို့ဟာ ဒယ်ဘီရဲ့မိခင်အဖြစ် သရုပ်ဆောင်ဖို့ သဘောတူကြောင်းပြောခဲ့တယ်။ Rita က Munichတက္ကသိုလ်က ကျောင်းဆရာမတစ်ဦးဖြစ်တယ်။ ရီတာက ဆို့ဆို့နင့်နင့်နဲ့ "ဒယ်ဘီဆိုတဲ့ လူလိမ္မာလေးရဲ့ မိခင်လုပ်ရမှာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူမိပါတယ်"လို့ဆိုတယ်။

အသက်(၃၅)နှစ်ရှိတဲ့ Talinaက ဖုန်းအကြိမ်ကြိမ်ဆက်ပြီး "ကျွန်မက မိခင်မဲ့ကလေးတစ်ဦးပါ။ အမေရဲ့မေတ္တာကို ငယ်ငယ်လေးကတည်းက ကျွန်မတောင့်တခဲ့ပါတယ်။ ဒါကြောင့် ဒယ်ဘီရဲ့ခံစားချက်ကို ကျွန်မနားလည်နိုင်ပါတယ်" လို့ဆိုခဲ့တယ်။

Koblenzမြို့က Judyဆိုတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့နှစ်တွေမှာ သူ့သားလေးပျောက်ဆုံးခဲ့ရပြီး သားလေးကိုရှာဖွေနေဆဲသူက "ကျွန်မသားလေးသာ ဒယ်ဘီလိုမျိုး အမေကိုလွမ်းဆွတ်နေခဲ့ရင် ကျွန်မအရမ်းပျော်မိမှာပဲ၊ ဒယ်ဘီရဲ့မိခင်ဖြစ်ဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒယ်ဘီကို မိခင်မေတ္တာအစစ်အမှန်နဲ့ ကျွန်မတစ်သက်လုံးချစ်ပါ့မယ်" လို့ဆိုတယ်။

ထောင်သောင်းမကတဲ့ ဖုန်းတွေမှာ မိခင်အများက သူတို့ရဲ့စစ်မှန်တဲ့အတွင်းစိတ်နဲ့ "ဒယ်ဘီရဲ့မိခင်"လုပ်နိုင်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမှာ မိခင်တစ်ဦးပဲရှိနိုင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးကိုပဲရွေးပြီး ဒယ်ဘီရဲ့မိခင်အဖြစ် ဒယ်ဘီကိုပြုစုစောင့်ရှောက်စေခဲ့တယ်။ အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့် လူအများစိစစ်ဆွေးနွေးပြီးနောက် ဒယ်ဘီနဲ့တစ်မြို့ထဲနေတဲ့ Judyကို ဒယ်ဘီရဲ့မိခင်အဖြစ် သဘောတူလိုက်ကြတယ်။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မနက်ပိုင်းမှာ မေ့မြောနေရာက ဒယ်ဘီနိုးလာခဲ့တယ်။ မျက်လုံးကိုဖွင့်လိုက်တာနဲ့ Lily ပန်းတစ်စည်းကိုင်ထားတဲ့ Judyကို ကုတင်ဘေးမှာ ရပ်နေတာတွေ့လိုက်တယ်။ Judyက ဒယ်ဘီရဲ့လက်ကိုကိုင်ပြီး "ဒယ်ဘီ... မေမေ.. မေမေဒီမှာပါ" လို့ဆိုတယ်။ နေရောင်ခြည်ကို တွေ့သလိုမျိုး ဒယ်ဘီမျက်လုံးတွေ အရောင်လက်လာခဲ့တယ်။ အံ့သြသွားတဲ့ပုံစံနဲ့ "တကယ်ပဲ ကျွန်တော်ရဲ့အမေလားဟင်!" လို့မေးတယ်။

မျက်ရည်စက်လက်နဲ့ Judyခေါင်းညိတ်ပြလိုက်တယ်။ အခန်းထဲမှာရှိတဲ့လူတွေကလည်း ဒယ်ဘီကို ဟုတ်မှန်ကြောင်း အပြုံးနဲ့ခေါင်းညိတ်ပြကြတယ်။ မျက်ရည်စီးကြောင်းနှစ်ကြောင်းက ဒယ်ဘီပါးပြင်ပေါ် စီးကျလာခဲ့တယ်။

"မေမေ... သားရှာနေတာကြာလှပြီမေမေ.. သားကို ထပ်ခွဲမသွားပါနဲ့နော် မေမေ.. ထပ်ခွဲမသွားပါနဲ့တော့"

"စိတ်ချပါသားရယ်.. သားကို မေမေ ဘယ်တော့မှ ခွဲမသွားတော့ပါဘူး"

Judy ခေါင်းညိတ်ပြရင်း ရှိုက်ကြီးတငင်နဲ့ပြောတယ်။ ဒယ်ဘီရဲ့ဖြူရော်နေတဲ့မျက်နှာမှာ အပြုံးတွေ ဖူးပွင့်သွားခဲ့တယ်။ စကားတွေအများကြီး သူထပ်ပြောချင်ပေမယ့် သူမှာပြောဖို့ အင်အားမရှိခဲ့ဘူး။

အဲဒီနေ့က ဒယ်ဘီရဲ့ လူ့ဘဝနောက်ဆုံးနေ့ဖြစ်တယ်။ Judyရဲ့လက်ကို လွတ်ထွက်သွားမှာစိုးတဲ့အလား သူတင်းတင်းဆုပ်ကိုင်ထားမိတယ်။ အမေ့မျက်နှာကိုကြည့်ဖို့ သူမျက်လုံးတွေ တစ်ချက်မှမမှိတ်ခဲ့ဘူး။ အခန်းထဲမှာရှိတဲ့ လူတွေရဲ့ပါးပြင်မှာ မျက်ရည်တွေ မခြောက်ခမ်းခဲ့ဘူး။

(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်၂နာရီမှာ ဒယ်ဘီတစ်ယောက် မျက်လုံးစုံမှိတ်ပြီး လူ့ဘဝထဲကနေ ထာဝရထွက်ခွါသွားခဲ့ပါတယ်။ ဒါပေမယ့် Judy လက်ကို သူတင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ.....

မူရင်း-- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, January 19, 2010

နိုဝင်ဘာရောက်ပြီ မေမေ

ဒီကနေ့ဟာ ကျနော်ဆိုတဲ့ကောင်တစ်ယောက် ခြေထောက်ပေါက်ခဲ့တာ ဆယ်စုနှစ်နှစ်ခုရဲ့စည်းအပြင်ကို ခြေတစ်လှမ်းကျွံမိတဲ့နေ့ပေါ့။ ဟိုး. . . ခပ်လှမ်းလှမ်းက လွမ်းနေမယ့်အမေ့ကို ဒီကဗျာလေးနဲ့ဦးချပါရစေ။


နိုဝင်ဘာရောက်ပြီ မေမေ

တစ်ခုခုများမှားနေသလားဆိုတော့
တစ်ခုခုမကဘူး မှားနေတယ်မေမေ
ဒါနဲ့ပဲ . . .
ဟိမဝန္တာကို
ဖိနပ်မပါပဲ တက်လာခဲ့တယ်။

မေမေရေ. . .
လမ်းလျှောက်ကောင်းတဲ့လူမိုက်
ခုတော့ ခလုပ်တိုက်ပြီ။

“သားရေ. . . လှေမထွက်ခင် ရေကူးတတ်အောင် သင်ထား”တဲ့
ဟုတ်တယ်မေမေရယ်
တက်မပါပဲ
ပင်လယ်ကိုလှော်ဖို့ကြိုးစားတာ
သား. . . မှားတယ်။

ဒီဆောင်းကလည်း
အဟောင်းကြီးပါမေမေရယ်
ဘာလို့စောင်အသစ်တွေခြုံမလဲ
အနွေးထည်အဟောင်းလေးလည်း နွေးပါတယ်။

မေမေခဏခဏပြောတယ်
“ခုလိုနိုဝင်ဘာမျိုးပေါ့”တဲ့
မေမေ့အတွက်တော့ နိုဝင်ဘာတိုင်းဟာ
တူနေမှာပေါ့
တကယ်တော့. . .
ခုနိုဝင်ဘာက အဲဒီတုန်းကလို
မအေးတော့ဘူးဗျ။

ခုဆို နိုဝင်ဘာကိုရောက်ပြီလေ
ဒီတစ်နှစ်လည်း
ကုန်းထိပ်ကဘုန်းကြီးကျောင်းအတွက်
မေမေဆွမ်းတစ်ချိုင့်ချက်တော့မယ်ဆိုတာ
သားသိပါတယ်။

သားမှတ်မိသေးတယ်မေမေရာ
ငယ်ငယ်တုန်းကလေ
မေမေက မြေပြင်ပေါ်ကြယ်ပုံရေးပြတော့
သားကမိုးပေါ်မှလက်ညှိုးထိုးပြခဲ့တာ
အဲဒီကြယ်ကလေးကတော့
မိုးပေါ်မှာခုလင်းနေပြီ
သားကတော့
မြေပြင်ကိုငုံ့ကြည့်နေတုန်းပဲ မေမေ ။ ။


ရိုးရာ