Saturday, November 14, 2009

”အမေ့ကိုလွမ်းလို့ ဆိုမိတဲ့သီချင်း”

တနေ့နေ့ဆိုတာ
တရွေ့ရွေ့လွင့်ပါးသွားလာနေတတ်တဲ့
တိမ်မှုန်တိမ်မွှားတွေလိုပဲလား…

တချိန်ချိန်ဆိုတာ
အကြိမ်ကြိမ် မျှော်ရွတ်နေရသလောက်
အိမ်ရှေ့တံခါးကို တချက်တလေမှမခေါက်တဲ့
သူစိမ်းဆန်ဆန် ဧည့်သည်တယောက်လိုပဲလား…

တမြေ့မြေ့ကျွမ်းသွားတဲ့
တငွေ့ငွေ့အလွမ်းများပေါ်မှာ
ဓားခင်းပြီးမှ လမ်းသလားမိသူ
ဟောဒီ.ဌာနေငတ်နေသူရဲ့ ရင်ဘတ်ထဲ
တဖြုတ်ဖြုတ်ကြွေတဲ့ ကြယ်တွေ
ဘယ်သူကူလို့ ကြိုးနဲ့သီမှာတုန်း…..

နေခြည်နဲ့ ယက်ဖောက်ထားတဲ့
အမေ့နှလုံးသားအဝတ်ဟောင်းလေးကို
ပြန်လည်ဝတ်ဆင်ရဖို့အတွက်
နှင်းစက်တွေကို တဆောင်းလုံးကျောပိုး
မိုးစက်ရေမှုန်တွေကို တမိုးလုံးစောင်လိုခြုံပြီး
တောမီးကို တနွေလုံးတိုးခဲ့ရသူမှာ
ခုချိန်ထိ………………………
ကံကြမ္မာကျောက်သားထက်
ဘဝကို ဇောင်းထက်အောင်သွေးနေရတုန်းပဲ အမေ….။


Saturday, October 31, 2009

မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေကို ဆက်သွယ်လိုက်တယ်


ဟဲလို . .
မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။



မေမေရေ . .
ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။


မေမေရေ. .
ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။


မေမေရေ
. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနာ် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့




မေမေရေ
ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ်



ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်
ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နှစ်နှစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲပဲ မိုက်တော့မယ်



မေမေရေ
အိမ်ပြန်လာရာလမ်းကလေးက
တဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ်တီရှပ်က အသက်ရှုကျပ်တယ် မေမေ



ဟုတ်ကဲ့ မေမေ
ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။



ဖုန်းမြင့်

(11.8.2009)

Saturday, October 17, 2009

အမေ တခြား သားတခြား

အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။

အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။

အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူပဲ တနေ့ တခါ နေပါတဲ့။
ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။


ကောင်းကင်ကို

Saturday, May 9, 2009

Respect Her ......


All images from Fwd mail:



Saturday, January 10, 2009

အမေ









pictures from Forward Mail

Saturday, December 13, 2008

အမေ့အလွမ်းပြေ

ရေခြားမြေခြား တစ်ပါးတိုင်းတွင်
သင်ယူပညာ စေရာတာဝန်
ကျေပွန်စေရာ ကြိုးစားပါလည်း
သည်းခိုက်တုန်မျှ ချမ်းအေးလှသည့်
ညအမှောင်ထဲ မျက်ရည်ဝဲလျှက်
အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝ
အညာဒေသ ဆောင်းကာလတွင်
အမေ့ရင်ခွင် ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်.....

အောင်မြင့်
(http://helloallmyfriend.blogspot.com)

Tuesday, December 9, 2008

မေမေ

မေမေ
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း
ဒီညနေတော့ အမေ့ဆီက
ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့
သားတွေးမိတယ်…

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…

ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ

အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)

သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်

ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့ နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်းပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..

မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော် မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..

အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွံ့နေသတဲ့….

ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….

အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်

အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….

မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။

မိုးလှိုင်ည

Sunday, October 19, 2008

မေမေရေ

ဆင်းရဲတွင်းထဲက၊ ခုန်ခုန်ထ,ခဲ့မိလို့
မနာလိုသူတွေနဲ့လည်း၊ ခဏခဏ ရန်ဖြစ်တယ်။
ဖြစ်ချင်တာ မဖြစ်မှာစိုးလို့၊ ဟိုတိုး,ဒီဝှေ့နဲ့ ကြိုးပမ်းလာလိုက်တာ
ဆွေမျိုးတွေကိုလည်း၊ မေ့တတ်ပြီ။

အဓိက တရားခံကတော့
ချစ်သူဟောင်းပေါ့... မေမေ။

မေမေရေ...
မေမေ ပေးထားတဲ့.. အဖြူရောင် အင်္ကျီလေး
ကျွန်တော် သိမ်းထားပါသေးတယ်။
အဖြူရောင်က အပေမခံလို့
ညစ်ထေးမှုတွေ အဝေဖန် ခံရဲအောင်
မည်းတဲတဲလေး ဝတ်ထားခဲ့မိတယ်... မေမေ။

မေမေရေ...
ကျွန်တော် သေဆုံးတဲ့အခါ၊
ကျွန်တော့်ရဲ့ အင်္ကျီအဖြူလေး၊
ညီလေးတွေကို ပေး ပေးပါ။
သူတို့ဆီမှာ...
အစွန်းချွတ်ဆေးတော့၊ ရှိကောင်းပါရဲ့။

မေမေရေ...
ကျွန်တော့်ကို၊ လောကကြီးထဲ ရဲရဲဝင့်ဝင့် ပို့ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်.. မေမေ
မေမေ့ကို ကျေးဇူးဆပ်ဖို့အတွက်
လောကကြီးထဲက၊ ကျွန်တော့်လို ကောင်တွေကို
စကားပြောနေပါတယ်..မေမေ။

မေမေရေ...
မေမေ သေဆုံးတဲ့အခါကျမှ၊
သား.. လက်မ ထောင်ပြလိုက်ပါရစေ..။

မောင်လှမျိုး (ချင်းချောင်းခြံ)
၂ဝဝ၁၊ ဇွန်၊ ၃ဝ၊ ၈း ၁၅ P.M

Wednesday, July 16, 2008

အမေ...


အမေ...
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့......

တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။

အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။

အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
ကျွန်တော်..ရှက်တယ်.......။

လိုအင်တစ်ခုအတွက်....
အမှန်တရားကို မြိုချ...
လိုအပ်ချက် တစ်ခုအတွက်...
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ....
ကျွန်တော် ရှက်တယ်......။

အများနဲ့ တစ်ယောက်....
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်.....

တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။

အဲဒီတော့...
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်......
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့....။

သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ....
အမှန်တရားကို ဆုပ်ကိုင်လို့...
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း.....
ကျွန်တော့ မနက်ခင်းတိုင်း.....
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ.......။

အဝေးရောက်နေတဲ့....
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သား လျှောက်နိုင်ပါတယ်.....။

ကျွန်တော့်အတွက်...
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ....
မျက်ရည်လဲ.. မဝေစေရပါဘူး......
သားမိုက် မဟုတ်ပေမယ့်....
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား......
သစ္စာစကား ဆိုပါတယ်..အမေ........။

အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။

((လေးညှို့ရှင်))

မျက်ရည်မိုးစက်တွေ


ဟောဒီကောင်းကင်ကြီး ညိုမှောင်လာရင်
ကျွန်တော့်ရင်ဘတ်ထဲကလည်း အိုစာလာပေါ့
မေမေရေ .. ခွဲခွာခြင်းတွေအတွက်
ကျွန်တော်ငိုခဲ့တယ်
မျက်ရည်တွေ မိုးဖြစ်စေ ..

ထင်နေဆဲ မြင်နေဆဲ ပုံရိပ်တွေပါပဲ အမေ
အမေ့သားရဲ့ ဘ၀မှာ ရွေးခြယ်စရာတွေက
များများစားစား မရှိလှပါဘူး
အသည်းနှလုံးကို မွှန်းသွားမယ့် ဓားတွေချည်းပဲ
တရကြမ်းတင်းခဲလို့နေပေါ့
ကြာတော့လည်း မျက်ရည်တွေကိုပဲ
ပြန်ပြန် ငိုချခဲ့ရတယ်
မေမေရေ .. မိုးတွေက ရွာနိုင်လွန်းလိုက်တာ

အဲဒီ မိုးရေတွေစဲကာစ ကာလတစ်ခုမှာ
ကျွန်တော်ဒီကမ္ဘာမြေကို ကူးခွင့်လက်မှတ်ရခဲ့တယ်
အခုတော့ သက်တမ်းက ပြည့်လုပြည့်ခင် ထင်ပါရဲ့ အမေ
မေမေ့သားဟာလေ .. ရိုးသားမှုတစ်ခုကို ထုတ်ပြဖို့
လူတကာရဲ့ လက်ညှိုးတွေနဲ့ချည်း တည့်တည့်တိုးခဲ့တယ်
ဟန်ဆောင်ဖုံးကွယ်တတ်သူတွေရဲ့ အကြားမှာ
အပြုံးအရယ်မပြတ်ဘဲ မတ်မတ်ဆက်ရပ်ချင်သေးပါရဲ့

နာကျင်ခံစားမှုတွေကို ပြစရာသက်သေဆိုလို့
တချိန်ကုန် အောင့်နေတဲ့ ရင်ဘတ်ပဲ ရှိတော့တယ်
ကျေးဇူးပြုပြီး သက်တမ်းတိုးပေးလှည့်ပါဦး မေမေ
မေမေခေါ်လို့ လာခဲ့တဲ့သား ..
ဘ၀ကို တံတားထိုးနေတုန်းပါ ..
လူနဲ့ လူကို တံတားခင်း ..
ကောင်းခြင်း မင်္ဂလာတေးချင်းတွေနဲ့ချည်း
လောကကို အလှဆင်မလို့ပါ မေမေ
သားလေ ..

ကောင်းကင်တစ်ရိုးမှာ မိုးမှောင်ကြီးကျလာတယ်လေ
ဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်းကို ခပ်ရိုင်းရိုင်း ခပ်ထန်ထန်ပဲ
ကျွန်တော်ဖြတ်သွားချင်ပါတယ်
အားနဲ့ မာန်နဲ့ပါ အမေ။ ။

ကိုဖြိုး (http://kophyoe.blogspot.com)