Tuesday, November 6, 2007

အမေ့လင်းယုန်

ဝေဒနာကြိုးတန်းပေါ်မှာ
အမေ့ရဲ့ ချွေးသုတ်ပ၀ါလေး
လှမ်းပစ်တင်လိုက်တော့
ကမ်းမမြင် လမ်းမမြင်မုန်တိုင်းထဲ
သားက ပျံသန်းနေဆဲပေါ့။
သားကို သတိရ
သားကို မတွေ့ရတဲ့အခါ
စာနာတတ်တဲ့ငွေကြယ်ကလေးတွေက
အမေ့ဆီ . . . .
ဝမ်းနည်းကြောင်း သ၀ဏ်လွှာစေလိမ့်မယ်။
လက်ရှိဘဝ
အန္တိမမျှော်လင့်ချက်
အမေတိုက်တဲ့ ရေတစ်ခွက်သာသောက်ချင်ရဲ့။
နောင်ဘ၀၌
လူဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျူငှာယဉ်ကျေးသော ပန်းများ
ပွင့်သော ထိုအင်ကြင်းတောစပ်၌
အမေ့ရဲ့သား ကျွန်တော်ပြန်ဖြစ်ချင်ပါသည်။
ကိုယ့်ကံကြမ္မာကိုယ်ဖွင့်ဆို
ကုသိုလ်၊ အကုသိုလ်တရား
လူပီသစွာ ပွားစည်းမိခဲ့ပါပြီ။
အို...နတ်ကောင်း၊ နတ်မြတ်များ
သင်တို့အား အတောင်ပံအဖြစ်တပ်ဆင်
ဟောဒီ နေ၀င်ချိန်မှာ
ငါ့အမေရှိရာ ငါပျံသန်းချင်ရဲ့။
ငါ့ရဲ့ဇာစ်မြစ်မှာ
“ဂျူးလိယက်ဖူးချစ်”ကို ငါချစ်ခဲ့တယ်
“ဒေါက်တာ နော်မန်ဗက်သွန်း”ကို
ငါချစ်ခဲ့တယ်
ငါ့ကိုယ်ငါချစ်ခဲ့တယ်
မနက်ဖြန်မှာ
ဒီနေ့မှာ
သေချာတဲ့ သေခြင်းနဲ့
အမေ့အိမ်ဆီပြန်ခဲ့မယ်။
“အချစ်”
“ငြိမ်းချမ်းမှု”
“ကဗျာ”
ကျွန်တော့်ရဲ့ အနှစ်မဲ့ခန္ဓာကိုယ်အား
ကောင်းကင်ဘုံ ထိုထိုမှ
တံခါးဖွင့်ကြိုဆိုကြကုန်လော့။
မြက်တစ်ပင်နွမ်းလည်း
မြက်တစ်ပင်ပြန်လည်စိမ်းလန်းလာမှာပဲ
နွေဦးဆိုတာ
အမြဲတမ်းပုန်းနေနိုင်မတဲ့လား
နှင်းဆီနဲ့
လေညင်းနဲ့
အစွန်းအထင်းမရှိတဲ့ နေ၀န်းနီနဲ့အတူ
လှပတဲ့ မိုးသားအဖြူအောက်မှာ
ပြန်လည်ဖူးပွင့်လာရမယ်။
ကဗျာကိုဖတ်ပြီး
ကဗျာကိုမြတ်နိုးတတ်တဲ့ “အမေ”
မသေပါနဲ့ဦး အမေရယ်
နံစော်စော်ပုပ်အဲ့အဲ့ လောကကြီးထဲမှာ
သားကို ပစ်မထားခဲ့ပါနဲ့။
သင်္ခါရတရားတို့ရဲ့
ပြိုကွဲပျက်စီးခြင်းသဘောကိုဆင်ခြင်ဖို့
အမေ့ကို မလွမ်းဖို့
အမေ့ကို သတိမရဖို့
ငါ့မှာတရားမရှိနိုင်ခဲ့ပါ။
အမေဖြစ်တည်ရာ
အဲဒီလောကတစ်ခုမှာ
မိုးတွေရွာချပြီဆိုရင်
အဲဒီမိုးစက်တွေဟာ
ကောင်းကင်ပေါ်က ထိုးဆင်းချလာတဲ့
သားရဲ့အလွမ်းသီချင်းတွေပဲပေါ့
မိုးတိမ်တွေက တစ်ဆင့်
အမေ့ကို ရင်ဖွင့်မယ်
နားသောတဆင်ပါမေ။
အမေ့အရိပ်မှာ
သားအိပ်စက်ဆဲပါပဲ။
အိမ်ပြန်နောက်ကျတတ်တဲ့သားကို
အိမ်ပေါက်ဝက ဆီးကြိုဆဲပါပဲ။
သားရဲ့ နိစ္စဓူဝကိစ္စထဲ
ထာဝရအမေ ရှင်သန်ဆဲပါပဲ။
အမေ့ရဲ့ မေတ္တာလှိုင်းဂယက်ကြောင့်
သမုဒ္ဒရာတွေ သေးငယ်ကုန်ကြတယ်။
ငယ်ငယ်တုန်းကတော့
သားဟာ အမေ့ရဲ့ခွေးလေတစ်ကောင်ပေါ့။
သားဟောင်တာကိုကြည့်
အမေပီတိဖြစ်ခဲ့တယ်။
သားဟာအခုတော့
အမေ့ရဲ့ မျက်ကွယ်က
အမှန်တရားကို ကိုက်ချီထားတဲ့
. . . . . “လင်းယုန်”။ ။

မိုဃ်းဇော်

No comments: